နမ္မတူ ၁၅ ဩဂုတ်

နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ ဆောင်ရွက်သော မိုးစပါး (RS-CS) မျိုးစေ့ထုတ် စိုက်ခင်း (၁၀)ဧက စနစ်တကျ စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာ၌ ယမန်နေ့ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စပါးစိုက် တောင်သူများအား ဝင်ငွေတိုးတက်ရရှိစေခြင်းဖြင့် စားဝတ်နေရေး အခက်အခဲမရှိစေရန်၊ ဒေသနေ လက်လုပ်လက်စား စိုက်ပျိုးလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ တောင်သူများ တစ်ပိုင်တစ်နိုင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရန်၊ မျိုးကောင်း မျိုးသန့်များ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်းဖြင့် ဝင်ငွေခိုင်မာတိုးတက် ရရှိမှုကို လက်တွေကျကျ သိရှိလာစေရန်နှင့် ဒေသအတွင်း မျိုးကောင်းမျိုးသန့် စိုက်ခင်းများ တိုးတက်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ နားကျဲကျေးရွာ တောင်သူ ဦးအိုက်ထွန်း၏ လယ်မြေ (၁၀)ဧကတွင် မျိုးကောင်းမျိုးသန့် မိုးစပါး (RS-CS) မျိုးစေ့ထုတ်  ပျိုးပင်များအား ခြောက်တန်းကို တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သည်။

 

နမ္မတူမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဌာနမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက ၎င်းစိုက်ခင်းများသို့ ကွင်းဆင်း၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်စေရေး၊ နည်းပညာပိုင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။

လူမော်(ပြန်/ဆက်)