နောင်မွန် ၁၅ သြဂုတ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ရှိ ကျေးရွာများ၌ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာများတွင် လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေးစီမံကိန်း(VEP)အား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စုရှိ ကျေးရွာပေါင်း(၁၈)ရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆိုလာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စီမံကိန်းဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများအနေဖြင့် (၆၀ w) သို့မဟုတ် (၁၀၀ w) ဆိုလာများအား အိမ်သုံးဆိုလာအဖြစ် တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာရှိအိမ်ခြေ (၃၀) ရာခိုင်နှုန်းနှင့်အထက် တပ်ဆင်အသုံးပြုပါက အများပိုင် အဆောက်အအုံများနှင့် လမ်းမီးများအား စီမံကိန်းရန်ပုံငွေမှ အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ကပြောကြားသည်။
မြနန်း(ပြန်/ဆက်)