ညောင်ဦး ၁၅ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဩဂုတ် ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ဖိလစ်ပိုင်နိုင်ငံသား မော်ဒယ် Sinon Loresca၊ ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့အသီးသီး မှပူးပေါင်းပါဝင်ကာ ပုဂံ-ညောင်ဦး ရှေးဟောင်းကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအား အမှိုက်ကင်းစင်ရေး၊ စုပေါင်းအမှိုက်ကောက်ခြင်း၊ အမှိုက်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ပုဂံပလတ်စ တစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေကပြောသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်အသင်းမှ အဖွဲ့များ၊ ညောင်ဦးမြို့ သံတဲဟိုတယ်အဖွဲ့၊ ခေတ်သစ်မောင်မာင်မယ်အဖွဲ့၊ Balloons Over Bagan အဖွဲ့သားများ၊ STT Golden Eagle Balloons အဖွဲ့သားများ၊ Plan Myanmar မှလူငယ်အဖွဲ့များ၊ သရပါဟိုတယ်မှ အဖွဲ့များ၊ မင်းနန်သူ ကျေးရွာမှ လူငယ်အဖွဲ့များ၊ ထွန်းဖောင်ဒေးရှင်း ဘဏ်ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမှာနေသည့် ဖိလစ်ပိုင်နိုင်ငံသား မော်ဒယ် Sinon Loresca တို့ ပူးပေါင်းကာ ပုဂံမြို့ဟောင်း မင်းနန်သူကျေးရွာအနီး ဘုရားသုံးဆူမှ စတင်ကာလမ်းဘေး ဝဲယာ ပလပ်စတစ်အမှိုက်များ၊ ကွင်းပြင်ကျယ်တွင်ပျံ့နှံ့နေသည့် ပလတ်စတစ် အမှိုက်များ၊ ဖော့ဘူးခွံများ၊ ကောက်ယူကာ စူဠာမဏိဘုရားအထိ အဖွဲ့နှစ်ဖွဲ့ခွဲကာ ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခဲ့ကြောင်း ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေကပြောကြားသည်။
ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ စုပေါင်းအမှိုက်ကောက် ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှ သီးစုံဓာတ်ဆားဖျော်ရည်ဘူးများ၊ သရဖူဆေးဆိုင်မှ လက်အိပ်များ ပလတ်စတစ်ကမ်ပိန်းမှ ကောက်ညှင်း ပေါင်းများဖြင့် အာဟာရဒါနပြုခဲ့ကြောင်း သိရကာ စနေနေ့တိုင်း ပုဂံညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်အား ပုဂံပလပ်စတစ်ကမ်းပိန်းအဖွဲ့မှ ဦးဆောင်ကာ ပုဂံညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန် ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ် အမှိုက်ကောက်ကြကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း