ဝန်းသို ၁၅  ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေပြတ်လပ်မှုမရှိ စေရေးအတွက် ကျေးရွာပေါင်း ၁၆ ရွာ၌ ရေရရှိရေးလုပ်ငန်းများကို ငွေကျပ် ၁၆၅ ဒသမ ၃၉ သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။

 

ရေရရှိရေးလုပ်ငန်းများကို ဝင်းကြီးအုပ်စု၊ ကြိမ်ဖူးကုန်းအုပ်စု ပုတိမ်ကုန်းအုပ်စု၊ မော်နိုင်းအုပ်စု၊ ဖီလေးအုပ်စု၊ တပ်လွင်အုပ်စုနှင့် ကျောက်တောကျေးရွာတို့တွင် ၄ လက်မ စက်ရေတွင်းနှင့် ဆက်စပ် လုပ်ငန်းများကို ငွေကျပ် ၈၁ ဒသမ ၁၀ သန်းဖြင့်လည်းကောင်း၊  တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကင်မွန်းခြုံကျေးရွာ၊ ဆင်ကုန်းကျေးရွာ၊ အလယ်ခုံကျေးရွာတို့တွင် ၄ လက်မ စက်ရေတွင်းနှင့်ဆက်စပ် လုပ်ငန်းများကို ငွေကျပ် ၄၁ ဒသမ ၆၀ သန်းဖြင့်လည်းကောင်း၊ ပြည် ထောင်စုရန်ပုံငွေ(မွမ်းမံ)ဖြင့် ကံကုန်းကျေးရွာတွင် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများကို  ငွေကျပ် ၁၇ ဒသမ ၈၉ သန်းဖြင့် လည်းကောင်း၊ ကျေးလက်ဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကျောက် ပေါက်ခုံကျေးရွာတွင် စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများကို ထောက်ပံ့ငွေ ၁၀ သန်းဖြင့် ရေရရှိ ရေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောကြားသည်။

 

အဆိုပါ ကျေးရွာ(၁၆)တွင် ကျေးရွာ(၁၃)ရွာမှာ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီး၊ ကျန်(၃)ရွာမှာ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်မကုန်မီ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများဆောင်ရွက်ပြီးပါက ကျေးရွာပေါင်း(၁၆)ရွာမှ အိမ်ခြေ (၉၇၅)အိမ်၊ လူဦးရေ(၅၀၄၂) ဦးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီး ဌာနမှ သိရသည်။

မွှေးကြူဇင်