ပဲခူး ၁၅ ဩဂုတ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး Jinang Nan International Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များထံ ပဲခူးတိုင်းဒေသကြီး(အရှေ့)အတွက် အလှူငွေကျပ်သိန်း(၅၀)နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်)အတွက် အလှူငွေကျပ်သိန်း(၅၀) စုစုပေါင်း အလှူငွေကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့်‌ တွေ့ဆုံပြီး လူမှုရေးအသင်းအဖွဲ့များ၏ အခက်အခဲများ၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ ဆောက်လုပ်နေမှုကို လည်းကောင်း၊ တောင်ငူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် တောင်ငူ-လိပ်သို-ရာသို လမ်းဆောင်ရွက်နေမှုကို လည်းကောင်း၊ ထုံးဘိုကြီးလမ်းဆုံတွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နိုင်ရန် ရဲကင်း ဆောက်လုပ်မည့် မြေနေရာအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)