ဂန့်ဂေါ ၁၅ သြဂုတ်
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ဟံသာ၀တီကျေးရွာအုပ်စု၊ ကုက္ကားကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သြဂုတ် ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က သက်ဆိုင်ရာတာ၀န်ရှိသူများကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် မကွေးတိုင်းဒေသကြီး သယံဇာတနှင့်လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ၊ ကျေးရွာကော်မတီ၀င်များနှင့်အတူ ကုက္ကားကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား လုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်း၊ ခရိုင်နှင့်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ကုက္ကားကျေးရွာတွင် အရှည်ပေ ၁၀၀၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေရှိ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းနှင့် အရှည်ပေ ၁၅၂၉၀ ပေရှိ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းတို့အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Cash for work စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀)အား အသုံးပြု၍ Covid-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် ဝင်ငွေရရှိစေရန် ရည်ရွယ်ပြီး လုပ်အားခပေးချေခြင်းစနစ်ဖြင့် ကျေးရွာပြည်သူများ၏ လုပ်အားများဖြင့်သာ အကောင် အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် က ပြောပြ၍ သိရသည်။
သူရိန်(ကျေးလက်)