ဟိုပန် ၁၅ ဩဂုတ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင် ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူးတံတားဖြစ်သည့် ကွမ်းလုံကြိုးတံတားကို ကြာရှည်ခံ သံမဏိသံပေါင်ကြမ်းခင်းများ လဲလှယ်တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တံတားဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သံမဏိသံပေါင် ကြမ်းခင်းလဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းကို ဩဂုတ် ၁၅ ရက်မှ စတင်၍၊ နေ့စဉ် ည ၇ နာရီမှ နံနက် ၆ နာရီထိ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် အရေးပေါ်ယာဉ်မှအပ အခြားယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေးနှင့် ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကွမ်းလုံကြိုးတံတား ပြုပြင်ရာတွင် သံမဏိသံပေါင် ကြမ်းခင်း အချပ်(၂၀၀) အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါတံတားသည် ၁၉၆၅ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် တံတားဖြစ်ကြောင်း သိရှိရသည်။
#MRTV