ဟားခါး ၁၅ ဩဂုတ်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ထန်တလန်နှင့် ဟားခါးမြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ဟားခါးတက္ကသိုလ်ဘွဲ့နှင်းသဘင် တည်ဆောက်နေမှု ၊ ဟားခါးမြို့ Cyclone Shelter တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၈ နာရီတွင် ထန်တလန်မြို့ ထန်တလန်နှစ်ခြင်းအသင်းတော်၊ Diamond Jubilee Memorial Hall ၌ ထန်တလန်မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရ၏ (၄) နှစ်တာကာလအတွင်း အစိုးရနှင့် ပြည်သူ ပူးပေါင်းကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ကြသည့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို မြေပြင်တွင် လက်တွေ့မျက်မြင် သိရှိနိုင်ရန်၊ ဆက်သွယ်သွားလာရန် ခက်ခဲသည့် မိုးရာသီကာလတွင် ဒေသခံပြည်သူတို့၏ သွားလာရေး အခက်အခဲများကို သိရှိနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို ဒေသခံပြည်သူများ လက်တွေ့ခံစားနေ ကြရပြီဖြစ်ပါကြောင်း၊ ထို့ဖွံဖြိုးတိုးတက်မှုများမှ အချို့ကို ကောက်နှုတ်ပြောကြားလိုပါကြောင်း၊ ပထမအချက်မှာ ၂၀၁၈ ခုနှစ် က မြန်မာနိုင်ငံ၏ဆန်နှင့် ဆန်ထွက်ပစ္စည်းများပြည်ပသို့တင်ပို့ ရောင်းချနိုင်မှုသည် လွန်ခဲ့သည့် ၁၉၃၄ ခုနှစ်နောက်ပိုင်း (၇၃) နှစ်အတွင်း အမြင့်မားဆုံး တင်ပို့ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယသည် နိုင်ငံ၏ခရီးသွား လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ၂၀၁၉ ခုနှစ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြန်ဆုံးအဖြစ် UNWTO က သတ်မှတ်ခြင်း ခံခဲ့ရပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၄၀ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ပါကြောင်း၊ ထိုသို့သော ဖွံ့ဖြိုးတိုးတက်မှုများသည် နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှု နှင့်ဒေသခံပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း များကြောင့်သာဖြစ်ပါကြောင်း၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးဖြစ်ထွန်းရေးအတွက် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်း ရလဒ်ကောင်းများကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်းဆုံးကာကွယ် ထိန်းချုပ်မှုစံပြအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားပါကြောင်း။
အသက် ၁၈ နှစ်ပြည့်ပြီး ၅ နှစ်လျှင်တစ်ကြိမ်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးသည် နိုင်ငံသားတိုင်းအတွက် များစွာတန်ဖိုးရှိသည့် အခွင့်အရေး တစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမှု မရှိစေလိုပါကြောင်း၊ မဲစာရင်းများမှန်ကန်ရေးသည်အရေးကြီးပြီး အချို့နေရာများတွင် မဲစာရင်းမှား ယွင်းမှုများရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများအနေဖြင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ ကျင့်သုံးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ရွေ့ပြောင်းတောင်ယာစနစ်ကို အစားထိုးနိုင်ရေးအတွက်ချင်းပြည်နယ်၏တော တောင်ရေမြေသဘာ၀နှင့် လိုက်လျောညီထွေဖြစ်ပြီး ဈေးကွက်ဝင်ပစ္စည်းအမယ်ဖြစ်သည့် `` ၀ ´´ ဥ စိုက်ပျိုးထုတ်လုပ်ခြင်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖ ဦးငွန်ဟရမ်းနှင့် ဦးရှန်ဇဲလ်တို့က ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သည့် ထန်တလန်မြို့ အမှတ်(၃) ရပ်ကွက်ဘောလုံးကွင်း မြောက်ဘက်ခြမ်းမြေထိန်းနံရံနှင့် မြို့ရှောင်လမ်း ပြိုကျခြင်းကို အမြန်ပြုပြင်ပေးနိုင်ရေး၊ ``၀´´ ဥ စက်ရုံတည်ဆောက် ပေးနိုင်ရေး၊ တယ်လီဖုန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာ(၁၂) ရွာအတွက် တာဝါတိုင် စိုက်ထူပေးနိုင်ရေး၊ ကျေးရွာ(၁၈) ရွာကို ကျေးရွာအုပ်စုအဖြစ် တိုးချဲ့နိုင်ရေး၊ လျှပ်စစ်မီးမရရှိသေးသည့် အထက်တန်းကျောင်းနှင့် ကျေးလက် ကျန်းမာရေးဌာန တည်ရှိသည့်ကျေးရွာများကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသွယ် တန်းပေးနိုင်ရေး၊ ဘွေနူးမြစ်ကူး တံတားတည်ဆောက်ပေးနိုင်ရေး၊ ထန်တလန်မြို့တော်ခန်း မအသစ် ဆောက်လုပ်ပေးနိုင်ရေးနှင့် ထန်တလန်မြို့ရေပေးဝေရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ဦးရွှေထီးယိုနှင့် အမြဲတမ်းအတွင်းဝန် ဦးရွှေလေးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာဝန်ထမ်းပရဟိတအဖွဲ့အား ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးဇိုဘွဲနှင့် ပြည်နယ်ဝန်ကြီး ဦးဖွေအားတို့က ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထန်တလန်မြို့နယ် ခွာဟရန်၊ မှောင်တလန်၊ တလန်ပီးနှင့် အိုင်ဘူရ်ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၃၀၂ ဦးကို ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အစိုးရနည်းပညာ အထက်တန်း ကျောင်း(ထန်တလန်)ကို အစိုးရနည်းပညာနှင့် သက်မွေးပညာသိပ္ပံ (ထန်တ လန်)အဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်မည်ဖြစ်၍ ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းပါဝင် ဆောင်ရွက်နေကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါ ကြောင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် သဘာ၀ဘေးဒဏ်ကြောင့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက် မြောက်ဘက်ခြမ်း မြေထိန်းနံရံမြေပြိုခြင်းနှင့် မြို့ရှောင်လမ်း ၊ လမ်းသားပြတ်ကျသည့် နေရာအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးနှင့် ညွှန်ကြားရေးမှူး ဦးဆန်းလွင်ဦးတို့က ထန်တလန်မြို့ပတ်လမ်းဆိုင်ရာ အချက်အလက်များ၊ သဘာ၀ဘေးဒဏ်ကြောင့်မြေပြိုကျမှု၊ လမ်းပြတ်ကျသည့်နေရာအား ယာယီပြန်လည်ပြင်ဆင်မည့် အဆိုပြုပုံစံတို့ကို ရှင်းလင်းတင်ပြသည်။
အဆိုပါ မြေထိန်းနံရံနှင့် လမ်းသားပြတ်ကျမှုတို့သည် ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီခွဲ က ထန်တလန်မြို့တွင် မိုးရေချိန် ၂ ဒသမ ၁ လက်မရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုလမ်းတာဘောင်အသစ် ပြန်တင်ဆဲဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ထန်တလန်မြို့မှ ဟားခါးမြို့သို့ ရောက်ရှိကြပြီး ဟားခါးတက္ကသိုလ်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးတို့က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဟားခါးကောလိပ်ယာယီ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးနှင့် တာဝန်ရှိသူများက ဟားခါးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတည် ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများ၊ တည်ဆောက်ပြီးစီးမှုများ၊ ဆက်လက် တည်ဆောက်သွားမည့်အစီအမံများ၊ ဟားခါး ပညာ့ရိပ်သာအိမ်ရာဝင်းတည်ဆောက်မှုများ၊ ကောလိပ် တိုးချဲ့မြေရရှိရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက တည်ဆောက်ရေးလုပ် ငန်းများဆောင်ရွက်ကြရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုနှင့် ဟားခါး ပညာရိပ်သာအိမ်ရာဝင်း တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမသည် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုးငွေ ငွေကျပ် ၉၃၃၁ ဒသမ ၁၉၄သန်းဖြစ်ပြီး တည်ဆောက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ Multipurpose Cyclone Shelter ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က Multipurpose Cyclone Shelter တည်ဆောက်ပြီးစီးမှု ၊ Cyclone Shelter ဆပ်စပ်လုပ်ငန်းများ၊ Cyclone Shelter ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် Multipurpose Cyclone Shelter အတွင်းလှည့် လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟားခါးမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း (၃) ထပ်ဆောင်သစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလေးမြင့်က ကျောင်းဆောင်သစ် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ (၃)ထပ်ကျောင်းဆောင်သစ်သည် အလျားပေ- ၁၄၀၊ အနံပေ ၃၀ ရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၅၇၆ ဒသမ ၆၅၂ သန်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို လက်တွေ့မျက်မြင်သိရှိနိုင်ရန်၊ ဒေသခံပြည်သူတို့၏ ဆက်သွယ်သွားလာရေး အခက်အခဲများကို သိရှိနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဒေသခံပြည်သူများထံမှ တိုက်ရိုက်မြင်တွေ့ကြားသိနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်လာသည်ကို မည်သူမျှ ငြင်းကွယ်၍မရပါကြောင်း၊ အတိုင်းအတာတစ်ခုအထိ တိုးတက်ပြောင်းလဲခဲ့ပါကြောင်း။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး (၅) နှစ်ပြည့်လျှင် တစ်ကြိမ်သာရရှိသည့် ဆန္ဓမဲပေးခွင့် အခွင့်အရေးကို မဆုံးရှုံးစေလိုပါကြောင်း၊ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးသည် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ချက်များပေးပို့ ထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ကိုဗစ် - ၁၉ စီးပွားရေးကုသမှု အစီအစဉ်တွင် ပါရှိသည့် ပန်းတိုင်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ကိုဗစ်- ၁၉ ကာလအတွင်း မသန်စွမ်းသူ များအတွက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မသန် စွမ်းသူ ဦးရေ(၂) သိန်းကို သုံးသောင်းကျပ်နှုန်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခု ချင်းပြည်နယ်ရှိ မသန်စွမ်းသူများကို ထောက်ပံ့မည့်စာရင်းတွင် ကနဦးထောက်ပံ့ပြီးသူ ၂၆၉၁ ဦးရှိပြီး ထောက်ပံ့ရန်ကျန်သူ ဦးရေ ၆၁၃၀ ရှိသည့်အတွက် ၎င်းတို့ကိုလည်း တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၈၃၉ သိန်းကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံကြေးငွေ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းစီ တစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးများအား ၂၀၁၇ ခုနှစ်မှစ၍ ချင်းပြည်နယ်၊ နာဂဒေသနှင့် ရခိုင်ပြည်နယ်၊ ၂၀၁၉ ခုနှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်၊ ၂၀၂၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လစဉ် ငွေကျပ် ၁၅၀၀၀ နှုန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အသက် (၉၀) နှစ်အထက်၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အသက် (၈၅) နှစ်အထက် တစ်ဦးလျှင် တစ်လ တစ်သောင်းကျပ်နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျှက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရန် ရှေးရှုကြိုးပမ်းဆောင်ရွက် လျက်ရှိနေပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားဖြစ်ထွန်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေ လိုပါကြောင်းပြောကြားသည်။
ထို့နောက် ဟားခါးမြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် က ဒေသဖွံ့ဖြိုးရေးလိုအပ် ချက်များဖြစ်သည့် ဟားခါး - မတူပီလမ်းပေါ်၌ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးနိုင်ရေး၊ မြို့တော်ခန်းမ အသစ်တည်ဆောက်ပေးနိုင်ရေး၊ ဟားခါး ခုတင် ၂၀၀ ဆေးရုံကို ခုတင် ၅၀၀ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ဆေးရုံကြီးရှိ ဓာတ်မှန်ဌာနအား တိုးချဲ့ဆောင်သို့ ပြောင်းရွှေ့ပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာ ရေးဌာနအဖြစ်တိုးမြှင့်သတ်မှတ်နိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်သတ်မှတ်ပေးနိုင်ရေး၊ ဟားခါးထာရ်(၂) ရပ်ကွက်ဘောလုံးကွင်းအား စံချိန်မီဘောလုံးကွင်းအဖြစ် တည်ဆောက်ပေးနိုင်ရေး၊ ဟားခါးမြို့ပေါ်ချောင်းများအား ကျောက်စီနံရံနှင့် ရေမြောင်းများ တည်ဆောက်ပေးနိုင်ရေး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗန်ကုလ် ကျောင်းဆောင်အား အသစ်ပြန်လည်တည်ဆောက်ပေးနိုင်ရေး၊ အမာခံလမ်းများခင်း ပေးနိုင်ရေးတို့ကို တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးထက်၊ ဦးပေါင်လွန်မင်းထန်၊ ဦးရွှေထီးယိုနှင့် ညွန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတသည် ဟားခါးမြို့ရှိ ထောက်ပံ့ပေးရန်ကျန်ရှိသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကာလတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ ဝန်ထမ်းပရဟိတအဖွဲ့နှင့် ဟားခါးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့် ပြည်နယ်ဝန်ကြီး ဦးဖွေအားတို့က ဟားခါးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဟားခါးမြို့ မြို့သစ်ရပ်ကွက်၊ ဟားခါးထာရ်(၁)၊ (၂) ရပ်ကွက်၊ ချွန်ကျုံး၊ နှီဂရ်လောရ်၊ ဟဇုန်ဟရိန်၊ ဘွာလ်တပ်၊ ဟိုင်ဖိုင်၊ ဘုံသွ၊ ဘီဖူးလ်နှင့်ရင်ယီးရင်သဲ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၃၄၆ ဦးကို ပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် ဧပြီ ၁၆ ၇က်က လှုပ်ခတ်ခဲ့သော မြေငလျင် ကြောင့်ကျောင်းအုတ်နံရံများပြိုကျခဲ့သည့် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းအတွင်းရှိ အန္တရာယ်ရှိကျောင်းဆောင်အား ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီး ဦးဗျက်ကျုံးက အဆောက်အဦ အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟားခါးမြို့ပြည်ထောင်စု ရိပ်သာ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
(သတင်းစဉ်)