ရန်ကုန် ၁၅  ဩဂုတ် 

 

မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဦးစီးကော်မတီဝင်များ၊   ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ရုပ်/သံ မီဒီယာများနှင့် ရုပ်ရှင်ရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဉီးစွာ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့်နှစ် မေလကပင် ကြိုတင်ဆွေးနွေး စီစဉ်ခဲ့ကြပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ ရှိနေပါ ကြောင်း၊ သို့ရာတွင် မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ  ၁၃ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပရန် လျာထားပါကြောင်း၊ ထိုသို့ ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ယခုတက်ရောက်လာကြသည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ နာယက ကြီးများ၊ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း၊ ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဆပ်ကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်သဖြင့် မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ကြမည့် အစီအစဉ်များကို တိတိကျကျ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဆပ်ကော်မတီများနှင့် လုပ်ငန်းကော်မတီ ၊ ဦးစီးကော်မတီတို့ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းပြီး အသေးစိတ် ဆွေးနွေးညှိနှိုင်း ချိတ်ဆက်ဆောင် ရွက်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊  မြန်မာ့ရုပ်ရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဦးစီးကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး ၊  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဦးကြည်စိုးထွန်း၊ဦးအောင်လွင်၊ ဦးနှင်းမိုး၊ ဦးအောင်မြင့်မြတ်နှင့် ဦးစိုးမိုး ၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ =များနှင့် အတွင်းရေးမှူးများ ၊  တက်ရောက်လာကြသည့် ရုပ်သံလွှင့် ဌာနများမှ တာဝန်ရှိသူများက မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပရေးဆိုင်ရာ  ကိစ္စရပ်များ၊ ရှေးဟောင်း သမိုင်းဝင် ရုပ်ရှင်ဇာတ်ကားများ ပြသရေးဆိုင်ရာကိစ္စများ၊ စာတမ်းဖတ်ကြားရေး၊  ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေး ၊ ပြခန်းများ ခင်းကျင်းပြသရေး ၊ စည်းရုံးလှုံဆော်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြသည်။

 

ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဦးစီးကော်မတီ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

(သတင်းစဉ်)