ဂျီနီဗာ ၁၆ ဩဂုတ်

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်နိုင်ငံအပေါ် လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့်ကို ထပ်မံတိုးမြှင့်ရန် အမေရိကန်နိုင်ငံ၏ အဆိုပြုမှုကို ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။

ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုက အီရန်နိုင်ငံကို သမားရိုးကျစစ်လက်နက်များ ဝယ်ယူခြင်း၊ ရောင်းချခြင်းမှ တားဆီးလိုက်သလို ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုသည် အောက်တိုဘာလတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ထပ်မံတိုးမြှင့်ရန်အဆိုပြုချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံ ပါသော ကောင်စီတွင် ဩဂုတ် ၁၄ ရက်က မဲပေးခဲ့ရာ ရုရှား နှင့် တရုတ်နိုင်ငံတို့က ဆန့်ကျင်ကြပြီး ဗြိတိန်၊ ပြင်သစ်နှင့် အခြားအဖွဲ့ ကိုးဖွဲ့က ကြားနေခဲ့သည်။ အတည်ပြုချက် ရရှိရန်အတွက် အနည်းဆုံးထောက်ခံမဲ ကိုးမဲလိုအပ်လျက်ရှိရာ နှစ်မဲသာ ထောက်ခံခဲ့သည့်အတွက် ထပ်မံတိုးမြှင့်ရန် အဆိုပြုချက်သည် အချည်းနှီးဖြစ်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကယ်လီ ခရက်ဖ်က ယခင်လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချက်ချင်းထောက်ခံသွားရန် လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားလိုက်သည်။ အကယ်၍ အီရန်အနေဖြင့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်၏ အစိတ်အပိုင်းကို ချိုးဖောက်ခဲ့ပါက ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်၏ လုပ်ထုံးလုပ်နည်းအရ ကုလသမဂ္ဂ၏အရေးယူ ပိတ်ဆို့မှုများကို ပြန်လည်ပြဋ္ဌာန်းနိုင်ကြောင်း သိရသည်။

သို့သော်လည်း ရုရှားနှင့် တရုတ်တို့က လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ၂၀၁၅ ခုနှစ် နျူကလီးယားသဘော တူညီချက်မှ နုတ်ထွက်ခဲ့သည့် အမေရိကန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို ပြန်လည်ပြဋ္ဌာန်းရန် လုပ်ပိုင်ခွင့်မရှိကြောင်း အငြင်းပွားလျက်ရှိသည်။

ကြည့်ရသည်မှာ အမေရိကန်နိုင်ငံအနေဖြင့် လက်နက်ကုန်သွယ်မှုပိတ်ပင်မိန့်ကို သက်တမ်းတိုးမြှင့်ရန် ဖိအား ပေးလုပ်ဆောင်သွားမည့်သဘောရှိသည်။ ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အီရန်ကို နံပါတ်တစ်အကြမ်းဖက်သမားအဖြစ် ရည်ညွှန်းပြောဆိုထားသည်။

အင်န်အိတ်ချ်ကေ