ကလေးတို့ မိုးအေးအေးနဲ့ အိမ်မှာပဲပျင်းနေကြတာလား။ မိုးရာသီဆိုတော့ ကလေးတို့ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြရမယ့်အချိန်ပဲနော်။ မိုးရာသီမှာ စိုစွတ်တာမို့ ကူးစက်ရောဂါတွေနဲ့ အသက်အန္တရာယ်ရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ နမိုးနီးယားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေလည်း ဖြစ်တတ်ပါတယ် ကလေးတို့ရေ။

 

မမက ဒီတစ်ပတ်မှာ ကလေးတို့ကို မိုးရာသီအတွင်း ဖြစ်တတ်တဲ့ရောဂါတွေနဲ့ ဆင်ခြင်ရမယ့် အရာလေးတွေကို မျှဝေချင်ပါတယ်။ ဒါမှ ကိုဗစ်-၁၉ ရောဂါကြီး ထိန်းချုပ်နိုင်ပြီး ကလေးတို့ကျောင်းတွေ ပြန်တက်ကြရမယ့်အခါ ကျန်းကျန်းမာမာနဲ့ ကျောင်းကိုတက်နိုင်မှာပေါ့။ တစ်ကိုယ်ရေသန့်ရှင်းပါစေ။

 

မိုးရာသီမှ မဟုတ်ပါဘူးနော်။ တစ်နှစ်ပတ်လုံးမှာ တစ်ကိုယ်ရေသန့်ရှင်းနေဖို့က အလွန်အရေးကြီးတာပဲလေ။ ကလေးတို့က သွားတိုက်တာ၊ မျက်နှာသစ်တာ၊ လက်နဲ့ ခြေထောက်တွေကို သန့်ရှင်းရေးလုပ်ဆောင်တာ၊ မစင်စွန့်တဲ့အခါ၊ ဆီးသွားတဲ့အခါ သန့်ရှင်းအောင် ဆေးကြောတာတွေနဲ့ သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ချည်ထည်တွေကို ဝတ်ဆင်ထားခြင်းတွေကနေ ကလေးတို့ကျန်းမာရေးကို အများကြီးအထောက်အကူပြုနိုင်တာမို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ကြပါလို့ မမက သတိပေးပါရစေနော်။ တစ်ကိုယ်ရေသန့်ရှင်းနေတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ယားနာဖြစ်ပွားမှုနဲ့ သွေးလွန်တုပ်ကွေးလိုမျိုး ကလေးတွေကို အန္တရာယ်ပြုတဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်နော်။

 

ခြင်မကိုက်စေနဲ့

 

ကလေးတို့အိမ်မှာ ကလေးတို့ကို ခြင်အန္တရာယ်ကနေ ကင်းဝေးအောင် လူကြီးတွေက လုပ်ပေးကြရတယ်မဟုတ်လား။ ခြင်တွေမှာ အသက်ကိုအန္တရာယ်ပေးနိုင်တဲ့ ရောဂါတွေကို သယ်ဆောင်နိုင်တဲ့အစွမ်းရှိသတဲ့။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်တဲ့ အေဒီးစ်ခြင်တွေ ကလေးတို့ကို လာကိုက်မယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါပိုးက ကလေးတို့ကိုယ်ခန္ဓာထဲကို ဝင်လာပြီး ဖျားနာတာ၊ ချောင်းဆိုးပြီး အသက်ရှူကျပ်တာတွေနဲ့ သွေးဝမ်းသွားတာတွေဖြစ်တတ်ပြီး နောက်ဆုံး အသက်ပါသေဆုံးတဲ့အထိ ဒုက္ခပေးနိုင်တယ်။ အဲဒီလိုပဲ ငှက်ဖျားရောဂါဆိုတာကလည်း မိုးဦးရာသီမှာအဖြစ်များပြီး ခြင်ကနေတစ်ဆင့် ကူးစက်နိုင်တာပေါ့။ ငှက်ဖျားရောဂါဖြစ်ပြီဆိုရင် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းကြသလို အသက်ရှူကျပ်တာမျိုး၊ သွေးဆိပ်တက်တာမျိုးတွေလည်း ဖြစ်တတ်သတဲ့ အပြင်းထန်ဆုံးကတော့ အသက်သေဆုံးတာပေါ့ကွယ်။

 

အစာကြေညက်အောင်စား

 

မိုးရာသီမှာ ကလေးတို့ရဲ့ အစာချေစနစ်ကလည်း နှေးကွေးနေတတ်တာပေါ့။ တိုက်ဖွိုက်ဆိုတဲ့ရောဂါဟာ ရေနဲ့ အစားအစာ မသန့်ရှင်းမှုတွေကနေဖြစ်ပြီး ကလေးတွေ မိုးရာသီမှာ အများဆုံးဖြစ်တဲ့ရောဂါပေါ့ကွယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့လိုအပ်သလို ဗီတာမင်စီ စားသုံးတာ၊ အိပ်ရေးဝဝအိပ်တာမျိုးတွေကိုလည်း လုပ်ဆောင်သင့်တယ်နော်။

 

ကေ - ဂျူဝယ်လ်