ပုသိမ် ၁၆ သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက ကဇန်းလမ်းဆုံတွင် ရန်ကုန်-ပုသိမ်ကားလမ်း အဆင့်မြှင့်တင်ရန် လမ်းတာဘောင် (၄၆ ပေ) အကျယ် ရရှိစေရန် လိုအပ်သောနေရာများ၌ မြေသားတာဘောင်ခင်းခြင်း၊ ၁၂ လက်မထု Plain ကွန်ကရစ် pvement ဖြင့် လမ်းအရှည် ၂၂ မိုင်ခန့် လမ်းခင်းနေမှု အခြေအနေများကိုလည်းကောင်း၊ တံတားများအား လေးလမ်းသွား တိုးချဲ့ဆောင်ရွက်မှု အခြေအနေများနှင့်  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကြား ပန်တိုင်စစ်ဆေးရေးဂိတ် တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ မြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့ရသော ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။

 

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ မြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၂၆)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၆၃၀၀၀၀၀ အားလည်ကောင်း၊ ကြိုတင်ပြောင်းရွှေ့ရသော ဘေးသင့်အိမ်ထောင်စုများထဲမှ မြေနေရာလိုအပ်သည့် အိမ်ထောင်စု (၈၄)စုအား မြေနေရာအတွက် ထောက်ပံ့ငွေကျပ် ၅၈၇၅၀၀၀ အားလည်းကောင်း၊ ကြိုတင်ပြောင်းရွှေ့ရသော ဘေးသင့်အိမ်ထောင်စု (၃၅)စုအား ဆန်ရိက္ခာနှင့် အိမ်ဆောင်ပစ္စည်းများအတွက် ထောက်ပံ့ငွေ ကျပ် ၃၈၁၂၉၀၀ အားလည်းကောင်း၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတို့မှ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁၃ ရက်အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော ဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၁၆၁ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာ၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် ၁၇၅၈၇၇၀၀ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

မြင့်ဟန် (ခရိုင် ပြန်/ဆက်)