၁၆ ဩဂုတ်

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲစဉ်ဇယား ထုတ်ပြန်လိုက်ပြီဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်-Southern၊ မကွေး-ရန်ကုန်ပွဲများဖြင့် ပြန်လည်စတင်မည်ဖြစ်သည်။

 

ပထမဆုံးကျင်းပမည့် ပွဲစဉ် (၁၀) တွင် လေးပွဲသာ ပါဝင်မည်ဖြစ်ပြီး သြဂုတ် ၂၂ ရက်တွင် ရှမ်းယူနိုက်တက်နှင့် Southern အသင်း၊ မကွေးအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ကာ ဒုတိယနေ့တွင် သြဂုတ် ၂၃ ရက်တွင် ရတနာပုံအသင်းနှင့် အားကာသိပ္ပံအသင်း၊ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များမှာ သြဂုတ် ၂၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို သြဂုတ် ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

ဟံသာဝတီနှင့် စစ်ကိုင်းအသင်းသည် ပြိုင်ပွဲမရပ်နားမီ နောက်ဆုံးရက်တွင် အသင်းဖျက်သိမ်းသွားသည့် ဇွဲကပင်၊ ချင်းယူနိုက်တက်တို့နှင့် ကစားခဲ့သောကြောင့် ပြန်လည်ကျင်းပသည့် ပွဲစဉ် (၁၀) တွင် မပါဝင်ဘဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁) မှသာ ပါဝင်မည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် MNL အမှတ်ပေးပြိုင်ပွဲကို ပြန်လည်ကျင်းပခွင့်ရပြီးနောက် မြန်မာနေရှင်နယ်လိဂ်သည် သြဂုတ် ၁၄ ရက်က ကလပ်အသင်းများနှင့် အစည်းအဝေး ပြုလုပ်ကာ ပွဲစဉ်ဇယားကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ လက်ကျန်ပွဲများကို သြဂုတ် ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၊ YUSC ကွင်းနှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပသွားမည်ဖြစ်သည်။

 

ပြိုင်ပွဲကို တစ်လခွဲအတွင်း အပြီးကျင်းပရန် ဆောင်ရွက်ထားပြီး အသင်းတစ်သင်းလျှင် ၁၀ ရက်ကို သုံးပွဲနှုန်း ကစားရဖွယ်ရသည်။ ပွဲစဉ်ရေးဆွဲထားမှုအရ လက်ကျန်ပွဲများကို ဆက်တိုက်ကစားရမည် ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် ထားသလို ကလပ်အသင်းများအားလုံး လိုက်နာရန်လည်း ညွှန်ကြားထားသည်။ MNL ပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းများအနက် ရန်ကုန်နှင့် အား/ကာသိပ္ပံအသင်းတို့မှာ ကိုယ်ပိုင် အဆောင်များတွင် နေထိုင်နေပြီး ကျန်ရှိသည့် ရှစ်သင်းမှာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အဆောင်များတွင် နေထိုင်လျက်ရှိသည်။

 

ပြိုင်ပွဲခေတ္တရပ်နားချိန်တွင် ဟံသာဝတီအသင်းက ရှစ်ပွဲကစား ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး  ဧရာဝတီအသင်းက ခုနစ်ပွဲကစား ၁၇ မှတ်၊ ရန်ကုန်အသင်းက ခုနစ်ပွဲကစား ၁၄ မှတ်၊ ရခိုင်အသင်းက ခုနစ် ပွဲကစား ၁၃ မှတ်၊ ရှမ်းယူနိုက်တက်အသင်း က ခုနစ်ပွဲကစား ၁၁ မှတ်၊ စစ်ကိုင်းအသင်း က ရှစ်ပွဲကစား ၁၀ မှတ်၊ မကွေးအသင်းက ခုနစ်ပွဲကစား ခြောက်မှတ်၊ ရတနာပုံအသင်း က ခုနစ်ပွဲကစား လေးမှတ်၊ အား/ကာသိပ္ပံ အသင်းက ခုနစ်ပွဲကစား သုံးမှတ်၊ Southern အသင်းက ခုနစ်ပွဲကစား တစ်မှတ် ရရှိထားသည်။ ရာသီအစတွင် ပြိုင်ပွဲဝင် ၁၂ သင်းရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲရပ်နားသည့်ကာလတွင် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်း နုတ်ထွက်သွားသောကြောင့် ယင်းနှစ်သင်းကစားထားသည့် ရလဒ်အားလုံးပယ်ဖျက်ခဲ့ရကာ အမှတ်ပေးဇယားကို ပြန်လည်အတည်ပြုထားခြင်းဖြစ်ပြီး ပွဲစဉ်များလည်း ပြန်လည်ရေးဆွဲခဲ့ရသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်