ရွှေဘို ၁၆ ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 Economic Relief Plan-CERP ပါ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်အတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မဟာနန္ဒာကန်အပိုင်း(၂)အတွင်းငါး/ရေချိုပုစွန် မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ရွှေဘိုမြို့၊ မဟာနန္ဒာကန်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီး ဦးမိုးကျော်သူ၊ စစ်ကိုင်းတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တိုင်းဦးစီး ဌာနမှူးများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်(ရွှေဘို)မှ အဖွဲ့ဝင်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အဖွဲ့ဝင်များ၊ ရွှေဘိုခရိုင်အတွင်းရှိ လူမှုရေးအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်း/ခရိုင်/မြို့နယ်/ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများနှင့် ငါးမွေးတောင်သူများ တက်ရောက်ကြပါသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီး ဌာနမှူး ဦးထွန်းထွန်းဝင်းတို့မှ အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဝန်ကြီး ဦးမိုးကျော်သူတို့မှ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးတို့ ငါးမွေးတောင်သူ ၁၉ ဦး၊ ငါးမွေးကန်ဧက ၁၄၈.၅၉ ဧက အတွက် ငါးသားပေါက် ကောင်ရေ ၂၉၇၇၂၀ အား ပေးအပ်ခဲ့ပါသည်။ ထို့နောက် ငါးမွေးတောင်သူဦးဇော်ဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်၊ မဟာနန္ဒာကန်အပိုင်း(၂)အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀၊ ရေချိုပုစွန်ထုပ်ကြီး သက်ကြီး‌ကောင်(၁၀၀၀)နှင့် ပုစွန်သားပေါက်ကောင်ရေ (၂၀၀၀၀)တို့အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်