ပါရီ   ၁၇  ဩဂုတ်

ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၉၆ ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၆၈၀၀၁၅ ဦးထက်မနည်းရှိလာပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၇၇၀၀၈၇ ဦးကျော်ရှိလာကြောင်း အေအက်ဖ်ပီသတင်းဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၁၄၃၈၇၂၃၀ ကျော်သည် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာသွားကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်သောလူနာများ သို့မဟုတ်ဆေးရုံတက်ရန်လိုအပ်သော လူနာများသာဦးစားပေး စမ်းသပ်စစ်ဆေးသည့်အတွက် ယင်းကိန်းဂဏန်းသည် အမှန်တကယ် ရောဂါ ကူးစက်ခံရသူဦးရေ၏ အစိတ်ပိုင်းကိုသာ ထင်ဟပ်စေဖွယ်ရှိကြောင်း သိရသည်။

ဩဂုတ် ၁၅ ရက်တွင် ကမ္ဘာတစ်ဝန်း၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၄၁၀၂ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၅၆၆၃ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ တစ်ရက်အတွင်း သေဆုံးသူ ၅၆၆၃ ဦးအနက် ၁၁၀၅ ဦးသည် အမေရိကန်ပြည်ထောင်စု၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အိန္ဒိယ၌ ၉၄၄ ဦးနှင့် ဘရာဇီး၌ ၇၀၉ ဦး စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း သေဆုံးမှု ဒုတိယနှင့် တတိယအများဆုံးနိုင်ငံ များအဖြစ် အသီးသီးရပ်တည်ခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၃၆၁၆၁၃ ဦးရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၁၆၉၄၈၉ ဦးရှိလာခဲ့ရာ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံးထိခိုက်ခံရသည့် နိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် ရောဂါကူးစက်ခံရသူများအနက် ၁၈၁၈၅၂၇ ဦးကျော်သည် ကိုဗစ်-၁၉ရောဂါမှ ပြန်လည်ကျန်းမာသွားကြောင်း သိရသည်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၁၇၀၉၆ ဦးနှင့် သေဆုံးသူ ၁၀၇၂၃၂ ဦး၊ မက္ကဆီကို၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၁၇၇၁၄ ဦးနှင့် သေဆုံးသူပေါင်း ၅၆၅၄၃ ဦး၊ အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၈၉၆၈၂ ဦးနှင့် ရောဂါကြောင့်သေဆုံးသူ ၄၉၉၈၀ ဦး၊ ဗြိတိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူ ၃၁၇၃၇၉ ဦးနှင့် သေဆုံးသူ ၄၁၃၆၁ ဦး စသည်ဖြင့် အသီးသီးလိုက်ကြသည်။

ဘာသာပြန် - ဂျေတီ

ကိုးကား - အေအက်ဖ်ပ