မနီလာ ၁၇ ဩဂုတ်
ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး အက်ကွာဒိုအာနိုက ၎င်းတွင် ကိုဗစ်-၁၉ ရောဂါပိုး နောက်တစ်ကြိမ် စမ်းသပ်တွေ့ရှိခဲ့ကြောင်း ယနေ့ပြောကြားလိုက်သည်။ သြဂုတ် ၁၃ ရက်တွင် လည်ချောင်းနာခြင်းနှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းကဲ့သို့သော တုပ်ကွေးလက္ခဏာများ စတင်ခံစားခဲ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နောက်တစ်ရက်တွင် ၎င်းက စစ်ဆေးမှုပြုလုပ်ကာ သီးခြားခွဲ၍နေထိုင်ခဲ့သည်။ ယမန်နေ့ ညပိုင်းက စစ်ဆေးမှုအဖြေတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်။ “မနေ့ညက ကျွန်တော့်မှာ ကိုဗစ်၁၉ ရောဂါပိုး နောက်တစ်ကြိမ်တွေ့ရှိတယ်လို့ အကြောင်းကြားတဲ့ စစ်ဆေးမှုရလဒ်ရရှိခဲ့ပါတယ်။ အခုချိန်မှာ ဆရာဝန်တွေကကျွန်တော့်ကိုအနီးကပ်စောင့်ကြည့်နေပြီး သီးခြားခွဲနေထိုင်စေပါတယ်” ဟု အာနိုက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
မကြာသေးမီက ၎င်းနှင့် ထိတွေ့ခဲ့သူများ သီးခြားခွဲနေကြရန်နှင့် ဗိုင်းရပ်စ်လက္ခဏာရှိ မရှိ စစ်ဆေးကြရန် အာနိုက တိုက်တွန်းခဲ့သည်။ “ကျွန်တော်နဲ့ ထိတွေ့ခဲ့သူတွေအားလုံး သီးခြားခွဲနေကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီရောဂါလက္ခဏာရှိ မရှိစောင့်ကြည့်ဖို့နဲ့ သင့်တော်တဲ့ဆောင်ရွက်ချက်ပြုလုပ်ဖို့ ကျွန်တော် တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူများ နှာခေါင်းစည်းဝတ်ဆင်ကြရန်၊ လက်ဆေးကြရန်နှင့် ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းများ လိုက်နာကြရန် အာနိုက ပြည်သူများထံ မေတ္တာရပ်ခံခဲ့ပြီး အာနိုသည် မတ်လအတွင်းက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။
ဘာသာပြန်-ကျော်ထိုက်စိုး
ကိုးကား--အေအက်ဖ်ပီ၊