ဖျာပုံ ၁၇ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေကြသော လူနာများအသုံးပြုရန်အတွက် အသက်ရှူစက်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီက ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်းအတွက် ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး ရန်ကုန်မြို့နေ အလှူရှင် ဦးစိုးလှိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း လူနာများအတွက် လိုအပ်မည့် အသက်ရှူစက်နှင့် ဆေးရုံသုံးဆေးပစ္စည်းများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင် ဦးစိုးလှိုင်+ဇနီးဒေါ်စန်းစန်းဝင်း (ပြည့်ဝလုပ်ငန်းစု)က (၁၄၇)သိန်းတန်ဖိုးရှိ အသက်ရှူစက်(၁)လုံးအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးက လက်ခံရယူ၍ ရန်ကုန်မြို့နေ ဖျာပုံမြို့သား အလှူရှင် ဦးဝင်းသိန်း+ဇနီးဒေါ်ညွန့်ညွန့်ထွေး (ဇီဇဝါကုမ္ပဏီ)မှ ဆေးရုံသုံးပစ္စည်းများ၊ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် လမ်းလျှောက်အဖွဲ့မှ ကွန်ပျူတာတစ်စုံနှင့် ငွေကျပ်(၁၅)သိန်း၊ ဗိုလ်မှူးကြီးကျော်ဝင်း(ငြိမ်း) + ဒေါ်အေးအေးကြည် မိသားစုမှ PATIENT MONITOR စက်(၁)လုံး၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသက်မှ ခွဲစိတ်ခန်းသုံးရန် လိုအပ်သော Aircon (၁)လုံး၊ ဦးသော်ဇင်+ဇနီးဒေါက်တာဖြူဖြူအေး၊ ဦးရွှေလင်း+ဇနီးဒေါ်စန်းစန်းအေး မိသားစုတို့က ၄၂၀၀၀၀ တန်ဖိုးရှိ Aircon (၂)လုံးတို့အား အသီးသီးပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ ဖျာပုံဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)
