၁၇ ဩဂုတ်

 

 

အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၀ ကျော် ရှိခဲ့တဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်သွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စတုတ္ထမြောက် အများဆုံး ဖြစ်လာခဲ့ပါတယ်။ မူလက ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စတုတ္ထ အများဆုံး နိုင်ငံမှာ ဗြိတိန် ဖြစ်ခဲ့ပေမယ့် အခုတော့ အမေရိကန်၊ ဘရာဇီးနဲ့ မက္ကဆီကို နိုင်ငံတွေပြီးရင် အိန္ဒိယနိုင်ငံ ဖြစ်လာတာကို တွေ့ရပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူမှာလည်း ၂ ဒသမ ၆ သန်း ရှိလာကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၉၄၁ ဦး ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၅၀,၉၂၁ ဦး ရှိကြာင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဝက်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးမှုဟာ နည်းပါးလွန်းတဲ့အတွက် အမှန်တကယ် ဖြစ်နေတဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ဦးရေထက် နည်းပါးသလို အစိုးရ ထုတ်ပြန်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း နည်းနေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဝေဖန်သုံးသပ်ထားပါတယ်။

 

 

ပညာရှင်တွေက အိန္ဒိယ အနေနဲ့ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် ကောင်းမွန်တဲ့ ကျန်းမာရေး စနစ်နဲ့ အလှမ်းဝေးတဲ့ ကျေးလက်နဲ့ မြို့ပြနဲ့ ဝေးတဲ့ နေရာတွေမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုပါတယ်။

 

 

ဝန်ကြီးချုပ် မိုဒီက အိန္ဒိယ နိုင်ငံတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ဖြစ်လာနိုင်ချေရှိတဲ့ ဆေးတွေကို စမ်းသပ်နေတဲ့ ဆေးကုမ္ပဏီ သုံးခုရှိနေကြောင်း၊ အိန္ဒိယနိုင်ငံက သိပ္ပံပညာရှင်တွေက မီးစိမ်းပြတာနဲ့ တစ်ပြိုင်နက် ကာကွယ်ဆေးတွေ အများအပြား ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်ထားပြီးကြောင်း စနေနေ့က ကျရောက်တဲ့ အိန္ဒိယ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

 

MDN

ကိုးကား- AFP