ပျဉ်းမနား ၁၇ သြဂုတ်
တောင်သူများအနေဖြင့် စက်ကိရိယာများအား ပိုမိုတိုးတက်သုံးစွဲလာလျက်ရှိရာ စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် တောင်သူများ၏ လုပ်သားရှားပါးမှု ပြသနာဖြေရှင်းနိုင်ရေး၊ ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေအရ အချိန်တိုလျင်မြန်စွာ လုပ်ငန်းများပြီးစီးနိုင်ရေးနှင့် သီးနှံအထွက်နှုန်းတိုးပြီး စိုက်ပျိုးကုန်ကျစရိတ် လျော့နည်းသက်သာလာစေရန် ရည်ရွယ်၍ တောင်သူများ လယ်ယာသုံး စက်ကိရိယာများအား စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိမ်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ) ဖွင့်လှစ်ခြင်းကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက ပျဉ်းမနားမြို့ အမှတ် (၈၄) စက်မှုလယ်ယာစခန်းတွင် ကျင်းပရာ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝေက သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားတစ်ဦးထံသို့ ပေးအပ်ခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့ ပျဉ်းမနားမြို့နယ်အတွင်းရှိ သစ်စိမ့်ပင်၊ ပေါစံခေါ၊ ဇီးဖြူပင်၊ နတ်သူရဲ၊ လယ်သာ အစရှိသည့် ကျေးရွာ(၅)ရွာတို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ (၂)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)