ပွင့်ဖြူ ၁၇ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်၊ စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန် ရည်ရွယ်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးခြင်းကို ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ကွင်းအမှတ် (၆၇၆)၊ တောင်သူဦးမြင့်လွင်၏ မိုးစပါးစိုက်လယ်မြေ (၁၅)ဧက၌ ဧရာပဒေသာမျိုးစပါး စိုက်ပျိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့၊ အမှတ်(၄၆) စက်မှုလယ်ယာစခန်းအနေနဲ့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေ မိုးစပါး စိုက်ပျိုးရာသီမှာ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေဖိုနဲ့ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေဖို့အတွက် ကောက်စိုက်စက်နဲ့ မိုးစပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်းက ပြောသည်။

 

ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ တောင်သူသီးနှံဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် တွေ့ကြုံရသည့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြို့နယ်စက်မှုလယ်ယာစခန်းရုံးဝန်းအတွင်း တည်ထောင်ထားရှိသည့် စပါးအခြောက်ခံစက်ဖြင့် ဆန်စပါးအရည်အသွေး ကောင်းမွန်စေရန်နှင့် စပါးသီးနှံဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်များကို စပါးအခြောက်ခံခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)