ရွှေဘို ၁၇ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးသည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲက ရွှေဘိုမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Less Walk Organization တို့မှ ရွှေဘိုမြို့နယ်အတွင်းရှိ (အ.ထ.က) ကျောင်းများအတွက် ထောက်ပံ့လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်များနှင့် စက်ဘီးအစီး ၃၀၀ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော Less Walk Organizationမှ အလှူရှင်များနှင့် တာဝန်ရှိသူများကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကျောင်း(၁၀)ကျောင်းနှင့် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့တွင် တစ်ကျောင်းစီအား ကျောင်းပညာသင်ကြားရန်အတွက် ဆင်းရဲချို့တဲ့ပြီး သွားလာရေးအခက်အခဲရှိတဲ့ ကျောင်းသူကျောင်းသားများကို ဦးစားပေး၍ ကျောင်းသုံးဗလာစာအုပ်များနှင့် စက်ဘီး(၃၀၀)စီး ပေးအပ်လှူဒါန်းခွင့်ရလို့ အထူးပင် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်မိပါကြောင်းနှင့် ကျောင်းသားကျောင်းသူလေးများ အနေဖြင့်လည်း မိမိတို့ရဲ့ကျောင်းစာများကို ကြိုစားသင်ယူသွားကြရန်နှင့် ဆရာဆရာမများမှလည်း မိမိတို့တပည့်သားသမီးများကို အနာဂတ်အတွက် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် အထူးသင်ကြားပေးသွားကြပါလို့ တိုက်တွန်းအမှာစကား ပြောကြားသည်။
ဆက်လက်ပြီး Less Walk Organization၏ နယက ထာဝရမန္တလေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် Less Walk Organization တည်ထောင်သူ ကိုသန်းထွန်းဝင်း (ခ) ကိုမိုက်တို့က စက်ဘီးအစီး ၃၀၀ လှူဒါန်းရခြင်းအပါ် ဝမ်းသာပီတိစကားများကို ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ရွှေဘိုမြို့နယ်အတွင်းရှိ အ.ထ.က (၁၊ ၂၊ ၃၊ ၄၊ ၅) နှင့် အ.ထ.က ကျောင်းမြောင်း၊ အ.ထ.က ဆိပ်ခွန်၊ အ.ထ.က ဆင်အင်း၊ အ.ထ.က ညောင်ပင်သာ၊ အ.ထ.က ပလိုင်းတို့မှ ကျောင်းအုပ်များနှင့် ကျောင်းသားကျောင်းသူများထံသို့ စက်ဘီးများကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ပြီး ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ အ.ထ.က ကျောင်း တစ်ကျောင်းစီအတွက် စက်ဘီးများကိုပေးအပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ရွှေဘိုမြို့နယ် ပိတ္တော အ.ထ.က(ခွဲ) ကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်ကြီးမှ ကျောင်းဆောင်ဟောင်းတစ်ဆောင်အား ပြုပြင်ရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ်သိန်း (၂၀)နှင့် Outdoor Fitness အားကစားပစ္စည်း တစ်စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းကိုကို (တိုင်းဒေသကြီး ပြန်/ဆက်)