ကျိုင်းတုံ ၁၇ သြဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေပြီး မြို့ အထိမ်းအမှတ်ဖြစ်စေရေး ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး ရုံးဝင်းအတွင်း တည်ဆောက် လျက်ရှိသည့် နာရီစင်ကြီး တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါနာရီစင်သည် အမြင့် ၄၆ ပေ၊ အကျယ် ၁၄ ပေ ကျယ်ဝန်းပြီး ကျိုင်းတုံမြို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ထိုင်းနိုင်ငံ ဗိသုကာပညာရှင်မှ ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပြီး နာရီစင်အား လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ် သိန်း ၁၅၀ဝ လှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့အထိမ်းအမှတ် နာရီစင်အား Public Area အဖြစ် အများပြည်သူ လာရောက် လည်ပတ်စေနိုင်ရေး မြို့နယ်စည်ပင်သာယာရေးဌာနမှ ရည်ရွယ်ဆောက်လုပ်ခဲ့ပြီး နာရီစင်တွင် တပ်ဆင်ထားသည့် နာရီ ၄ လုံးသည် ၄ ပေ ပတ်လည်ရှိကာ ဥရောပ၊ Sweden နိုင်ငံမှ မှာယူတပ်ဆင်ထားခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက် ထံမှ သိရသည်။

 

မြို့အထိမ်းအမှတ် နာရီစင်ကြီး ရေရှည်တည်တံ့ ကောင်းမွန်းစေရေးအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့မိမြို့ဖများ၊ တာဝန်ရှိသူများ စီမံခန့်ခွဲမှုဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်တွင် လုပ်ငန်းများ စတင်ဆောက်ခဲ့ပြီး ယခုအချိန်တွင် တည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ယခုသြဂုတ်လ အတွင်း လုပ်ငန်းများအပြီးသတ်ကာ အများပြည်သူများ လာရောက်လည်ပတ်စေနိုင်ရေး ဖွင့်လှစ် ပေးနိုင်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်ဆက်)