ဖားကန့် ၁၇ ဩဂုတ်    

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဉရုချောင်းအထက်ပိုင်း ကံဆီးဒေသ၌ မိုးသည်း၍ ယနေ့နံနက် ၁၀ နာရီကျော်ခန့်က စိုးရိမ်ရေမှတ် ၉ ပေအမြင့်ထက် ကျော်လွန်နေပြီး ဉရုချောင်းတစ်လျှောက် မှီတင်း နေထိုင်ကြသည့် ကျေးရွာအချို့နှင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များတွင် ချောင်းရေများ စတင်ဝင်ရောက် လျက်ရှိနေကြောင်း သိရသည်။

 

ရေဝင်ရောက်မှုနှင့် ပတ်သက်၍ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်ဝင်းဆွေက “ရေက မြို့ပေါ်စဝင်နေပါပြီ၊ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ငှက်ပျောတောနဲ့ မြို့မကျောက်ဝိုင်းတွေမှာပါ၊ ဉရုချောင်းဖျား ကံဆီးမှာတော့ ရေက ၉ ပေလောက် မြင့်တက်နေပြီလို့သိရတယ်။ ရေတအားဝင်လာလို့ ရွှေ့ပြောင်းရတဲ့ သူတွေရှိရင် ကူညီပြောင်းရွှေ့ပေးဖို့‌ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်ဟု ပြောသည်။

 

ဩဂုတ် ၁၀ ရက်ကလည်း ကံဆီးဒေသ၌ မိုးများခဲ့၍ ဉရုချောင်းရေ အမြင့် ၈ ပေခန့်ထိ မြင့်တက်ခဲ့မှုကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်အချို့နှင့် လုံးခင်းကျေးရွာတို့တွင် ချောင်းရေဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ရေပြန်ကျသွားခဲ့သည်။

 

တာလင်းမောင်(ပြန်/ဆက်)