နေပြည်တော် ၁၇  သြဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် သြဂုတ် ၁၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံဆိပ်ကျေးရွာနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် ညောင်ပင်တန်း ကျေးရွာများတွင် CERP အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လမ်း၊ တံတား၊ မြောင်း စသည့် ကျေးရွာအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)အရ ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း လုပ်ငန်းတစ်ခုဖြစ်သည့် Cash for Work စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၌ ကျေးရွာ (၁၁၀) တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ကျေးရွာ (၂၅၀)တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ငွေကျပ်သန်းပေါင်း ၂၅၀၀၀ သုံးစွဲ၍ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ကျေးရွာ(၈၀)တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ကျေးရွာ (၁၀၀) တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ကျေးရွာပေါင်း ၁၇၁၀ တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ ငွေကျပ် သန်းပေါင်း ၄၀၈၃၀ သုံးစွဲပြီးဖြစ်ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေးဒရဲမြို့နယ် ဂွကလေးကျေးရွာနှင့် ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာများသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ဆောင်ရွက်လျက်ရှိသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများအား ကြည့်ရှုအားပေးပြီး မိုးစပါးမျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံကာ CERP မိုးစပါးမျိုးစေ့ထုတ် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ်မိုးပါးစိုက်ပျိုးရန် ဧက ၃၇ သိန်းကျော် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ စုစုပေါင်း ၃၁၅၆၂၅၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ CERP မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမှုအနေဖြင့် လျာထား ၁၀၄၇၅ ဧကဖြစ်ပြီး ယနေ့အထိ ၇၀၉၅ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘိုကလေးမြို့နယ် သကံဝကျေးရွာ တောင်သူ ဦးတင်စိုး၏ ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းသို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဇော်က ဧရာဝတီတိုင်းဒေသကြီး၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ CERP အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးမှုနှင့် တောင်သူပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းအတွင်း ကြားပေါင်းလိုက် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဒေသနေတောင်သူများနှင့် တွေ့ဆုံ၍ လယ်ယာမြေနှင့်ပတ်သက်၍ တောင်သူလယ်သမားများ ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့်စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့် စနစ်များ ဆောင်ရွက်နိုင်ရေး၊ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့ကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေးအတွက် တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ရေးဆွဲလျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများအားလုံး မိမိတို့ဒေသအလိုက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် တွေ့ကြုံနေရသော မြေယာပြဿနာများ အပါအဝင် အခက်အခဲများအားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ဖြတ်ကျော်နေချိန်တွင် ရရှိနေသည့် နိုင်ငံတော်၏ အထောက်အပံ့၊ ဌာနဆိုင်ရာများ၏ ကူညီအားပေးမှု အခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး မိမိတို့ တစ်မိသားစုချင်းဘဝ တိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျိုက်လတ်မြို့နယ် အိပ်ယာကြီး ကျေးရွာတွင် CERP အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ် တလုပ်လှငါးလုပ်ငန်း စခန်းသို့ ရောက်ရှိကြပြီး ငါးမွေးတောင်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ငါးမွေးတောင်သူများအား ငါးသားပေါက်များပေးအပ်သည်။

 

မအူပင်ခရိုင်အတွင်း ငါးမွေးကန် ၂၃၅၉ ဧက ရှိပြီး ယခုအခမ်းအနားတွင် ငါးမွေးကန် ဧက ၂၀၀ အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP) အရ ငါးမွေးကန် စုစုပေါင်း ၅၄၃၉၉ ဒသမ ၄ ဧကကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn