မန္တလေး  ၁၇ သြဂုတ်

 

ရန်ကုန်-မော်လမြိုင် လေအိတ်ရထားသစ်ကို  သြဂုတ်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား ပို့ဆောင်ရေးဌာနမှ သိရသည်။

 

ရန်ကုန်-မော်လမြိုင် အစုန် အဆန်ပြေးဆွဲမည့် လေအိတ်မီးရထားသစ်တွင် ခရီးသည်များ အဆင်ပြေ စေရန် ဖုန်းအားသွင်းပေါက်များ ပါရှိခြင်းပြီး ရထားတွဲများတွင် CCTV များ တပ်ဆင်ထားကြောင်း သိရသည်။ 

 

"ရန်ကုန်-မော်လမြိုင် လေအိတ်ရထား ၂၂ ရက်နေ့က စတင်ပြေးဆွဲမယ်။  သြဂုတ်လ ၁၆ ရက် ညက စမ်းသပ်ပြေးဆွဲပါတယ်။ ရန်ကုန်က နေ ည ၈ နာရီထွက်မယ် မနက် ၅ နာရီ ၁၅ လောက် ရောက်မယ်။ မော်လမြိုင်ကနေ ည ၉ နာရီထွက်မယ် ရန်ကုန်ကို မနက် ၆ နာရီရောက်မယ်။ ဒါက ထပ်တိုးတာပေါ့ "ဟု မြန်မာ့မီးရထား ပို့ဆောင်ရေးဌာန ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်စိုးလင်းက ပြောသည်။

 

လက်မှတ်ခများမှာ ရိုးရိုးတန်း ငွေကျပ် ၄၀၀၀နှင့် အထက်တန်း ငွေကျပ် ၈၀၀၀  ဖြစ်ပြီး  ပဲခူး၊ ကျိုက်ထို၊ တောင်စွန်း၊ သထုံ၊ ပေါင် ဘူတာများတွင် ရပ်နားမည်ဖြစ်သည်။

 

ခရီးသည်များသည် ခရီးစဉ် အစ၊ အဆုံး Mask တပ်ဆင်ရပါမည်ဖြစ်ပြီး ရထားပေါ်တွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ အမှိုက်ပစ်ခြင်း၊ အတွဲများ မဖွယ်မရာပြုခြင်းများ ပြုလုပ်သည့် ခရီးသည်များကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

လက်မှတ်ဝယ်ရာတွင် အဆင်မပြေမှုများရှိခြင်း၊ မှောင်ခိုရောင်းချခြင်းများ ရှိပါက တိုင်ကြားနိုင်ကြောင်း သိရသည်။

 

မေသက်ထား

 

mdn