နေပြည်တော် ၁၇ ဩဂုတ်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကမ္ဘာ့အမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှု၊ တူးဖော်ထိန်းသိမ်း ထားသော Site museum နှင့် ဟန်လင်းရှေးဟောင်း သုတေသနပြတိုက်တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ဒေါက်တာ ဇော်ဝင်းနှင့်အတူ ဟန်လင်းကမ္ဘာ့အမွေအနှစ်ဒေသရှိ ပန်းပဲဝန်မင်းစေတီသို့ရောက်ရှိရာ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ၊ ဟန်လင်းဌာနစုတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ခင်က သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ၊ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရွှေဂူကြီးဘုရားသို့ သွားရောက် ဖူးမြော်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ၁၉၆၃ ခုနှစ်က တူးဖော်သုတေသန ပြုကာ Site museum အဖြစ် ထိန်းသိမ်း ပြသထားသည့် ကုန်းအမှတ် ၁၇ နှင့် ၂၀၀၅ ခုနှစ်က တူးဖော်သုတေသနပြု ထိန်းသိမ်းထားသော ကုန်းအမှတ် ၂၆ သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ၊ ဟန်လင်းဌာနစု၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းအေး က တူးဖော်သုတေသနပြုလုပ်မှု အခြေအနေ၊ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု တို့အား ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုဟန်လင်းဒေသသည် ၂၀၁၄ ခုနှစ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံ ထားရသည့် အားလျော်စွာ UNESCO ၏ ကမ္ဘာ့အမွေအနှစ် ဒေသများ ထိန်းသိမ်းရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း/ စည်းကမ်း များနှင့် ကိုက်ညီစွာထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်၊ လာရောက်လေ့လာကြည့်ရှုသူများအတွက် တကူးတက လာရောက်လေ့လာရသည်နှင့် ထိုက်တန်အောင် ဂုဏ်ယူဖွယ်ရာ ကမ္ဘာ့အမွေအနှစ် ပြယုဂ်များကို ဖော်ထုတ်စုဆောင်း ထိန်းသိမ်းပြသထားရန် လိုအပ်ကြောင်း၊ နောင်နှစ် ပေါင်းများစွာ ဆက်လက်တည်တံ့စေရေးအတွက် ထိန်းသိမ်းကြရန်နှင့် သမိုင်းကြောင်း အချက် အလက်များ ပိုမိုခိုင်မာစေရေးအတွက် စူးစမ်းလေ့လာမှုမပြတ် ပြုလုပ်ရန် လိုအပ်ကြောင်း၊ မြေပြင် တူးဖော်သုတေသနပြုချက်များအရ ရရှိလာသည့် အထောက်အထားများနှင့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို တိုက်ဆိုင်ကြည့်ရှုကာ ပိုမိုတိကျသည့် မှတ်တမ်းများ ထားရှိသွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟန်လင်းရှေးဟောင်းသုတေသန ပြတိုက်သို့ ရောက်ရှိရာ ဦးစီးအရာရှိ ဒေါ်ချယ်ရီသင်းက ပြတိုက်တွင် ကျောက်ခေတ်ကာလမှ စတင်၍ ကြေးခေတ်၊သံခေတ်၊ ပျူခေတ်ကာလ ယဉ်ကျေးမှုအမွေအနှစ်များ ခင်းကျင်းပြသ ထားရှိမှုအခြေ အနေ၊ ဒေသခံများကလည်း ရှေးဟောင်းပစ္စည်းများတွေ့ရှိ စုဆောင်းရမှုများ လာရောက်အပ်နှံ လျက်ရှိရာ ဌာနက ဂုဏ်ပြုမှတ်တမ်းတင်၍ ပြတိုက်တွင် ပြသမှုအခြေအနေ၊ ဟန်လင်းပျူမြို့ ဟောင်းတွင် ပြင်သစ်နိုင်ငံမှ ရှေးဟောင်း သုတေသနပညာရှင်များနှင့် ပူးပေါင်းသုတေသနပြု ချက်အရ လွန်ခဲ့သောနှစ်ပေါင်း (၅၀၀၀) ခန့်ကာလ ကျောက်ခေတ်သစ်မှ စတင်၍ လူနေထိုင် မှုများရှိကာ ကြေးခေတ်၊ သံခေတ် လူနေမှု အကြွင်းအကျန်များ ခိုင်မာစွာတွေ့ရှိခဲ့မှု အခြေအနေ၊ ယင်းကာလမှ ဆက်လက်၍ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်ကာလများအထိ လူနေထိုင်မှုများရှိကာ ယနေ့ကာလအထိ ဟန်လင်းကျေးရွာတွင် ဆက်လက်နေထိုင်ခဲ့ကြသည့် နှစ်ပေါင်း ထောင်ချီ တဆက်တစပ်တည်း လူနေမှုရှိခဲ့သည့် သမိုင်းခေတ်များ ဖော်ထုတ်တွေ့ရှိခဲ့သည့် အခြေအနေနှင့် ဟန်လင်း ရှေးဟောင်းသုတေသန ပြတိုက်ကို ပိုမိုစုံလင်စွာ ခင်းကျင်း ပြသသွားနိုင်ရန်အတွက် ထပ်မံတိုးချဲ့တည်ဆောက်ကာ ပြသသွားမည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ၊ ဟန်လင်းဌာနစုရှိ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အမြင့်ဒေသရှိ ပြည်ထောင်စုရန်ပုံငွေဖြင့် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံဆေးရေးပန်းချီများထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့သည့် မင်းရဲတိုက် ဘုရားစုရှိ ဘုရား အမှတ် အမ - ၁၂၁၊ မင်းအိုချမ်းသာဘုရားစုရှိ ဘုရားအမှတ် အမ - ၁၀၀ တို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဘုရား(၈)ဆူအနက် ဘုရားအမှတ် အမ - ၀၅၅၊ ၀၅၆၊ ၀၆၀၊ အလယ်တိုက် ဘုရားစုရှိ ဘုရားအမှတ် အမ-၀၆၁ တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


