ရန်ကုန် ၁၇ ဩဂုတ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံတေးသီချင်း မူပိုင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံတေးသီချင်း မူပိုင်ထုတ်လုပ်သူများ အသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ ဒုတိယဥက္ကဌ(၁) ဦးလွင်မြင့်၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးစိုးမိုး၊ အထွေထွေအတွင်းရေးမှူး ဦးဇော်ထူးအောင်၊ ဘဏ္ဍာရေးမှူး ဦးမောင်မောင်ထိပ်၊ မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်မိုးအောင်နှင့် မြန်မာနိုင်ငံ တေးသီချင်းမူပိုင် ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းများကိစ္စ၊ တေးသီချင်းမူပိုင်ခွင့်ကိစ္စ၊ ယာယီ CMO များအတွက် ရုံးခန်းနေရာ အကူအညီပေးရေးကိစ္စနှင့် တေးသီချင်း အယ်လ်ဘမ်များ ဖြန့်ဝေပေးပို့မှုကိစ္စတို့ကို ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ(၂) ဒေါ်အယ်ခွန်းရီ၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးလှအေး၊ တွဲဖက်အတွင်းရေးမှူး(၃) ဦးမင်းဇော်၊ စီမံခန့်ခွဲရေးမှူး ဦးညွန့်ညွန့်လှိုင်တို့ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်း အမှတ် (၄) ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မီဒီယာသိနားလည်မှုနှင့် ကျင့်ဝတ် ဆိုင်ရာများ၊ စာပေအနုပညာ မူပိုင်ခွင့် ဆိုင်ရာများ၊ New Media ပြောင်းလဲတိုးတက် လာမှုနှင့်အညီ လိုက်ပါလုပ်ဆောင်ရန်အချက်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ ရုံးဝန်းအတွင်းရှိ CMO ဖြစ်မြောက်ရေး ကော်မတီအတွက် ရုံးခန်းနေရာလျာထားသည့် အဆောက်အဦကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
(သတင်းစဉ်)