နေပြည်တော် ၁၇ ဩဂုတ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ သိုင်းချောင်း - သစ်ပုတ်တောင် ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအား တွေ့ရှိရ၍ စစ်ဆေးရာမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ် အားပေးကူညီခဲ့သူ အမာခံ ၈ ဦး အား ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်ကို ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါကြောင်း။
ယင်းဖမ်းဆီးရမိ အမာခံ ၈ ဦးအား စစ်ကြောမေးမြန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကပ်သပြေကျေးရွာ ဝင်၊ ထွက်လမ်းများအား ပိတ်ဆို့၍ စစ်ဆေး မှုများပြုလုပ်ခဲ့ရာ ထပ်မံ၍ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ဘသိန်းရွှေ (ခ) မနီကျာ ၄၈ နှစ်၊ ဝေသိန်းအောင် ၄၆ နှစ်နှင့် သန်းမြင့်အောင် (ခ) သန်းမြင့်ရွှေ ၄၀ နှစ်တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုထပ်မံ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦးအား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်