မိုဂါဒစ်ရှူး ၁၈ ဩဂုတ်
ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ ကမ်းခြေနံဘေးရှိ ဟိုတယ်တစ်လုံးကို ဩဂုတ် ၁၆ ရက် ညပိုင်းတွင် အယ်လ်ရှာဘတ် စစ်သွေးကြွများက စီးနင်းခဲ့ရာမှ ဆိုမာလီလုံခြုံရေး တပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ အရာရှိတစ်ဦး အပါအ၀င် လူ ၁၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်သွေးကြွများက လီဒိုကမ်းခြေရှိ အီလိုက်ဟိုတယ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။ နှစ်ဖက်ပစ်ခတ်မှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ပစ်ခတ်မှုကြောင့် အယ်လ်ရှာဘတ် စစ်သွေးကြွငါးဦး သေဆုံးခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် မူခတာအိုမာက ပြောသည်။
အီလိုက်ဟိုတယ် တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ဦး ရှိကြောင်း၊ ၎င်းတို့ကို ဆေးရုံသို့ မြန်မြန်ဆန်ဆန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆိုမာလီအထူးတပ်ဖွဲ့များသည် ဟိုတယ်ပိုင်ရှင်အပါအဝင် ဟိုတယ် အဆောက်အအုံ အတွင်းရှိ လူ ၂၀၅ ဦးထက်မနည်းကို ကယ်ဆယ်ခဲ့ကြောင်း အစိုးရအာဏာပိုင်များက ပြောကြားခဲ့သည်။
စစ်သွေးကြွများသည် ဩဂုတ် ၁၆ ရက် ညနေပိုင်းတွင် ဟိုတယ်ဂိတ်ဝင်ပေါက်၌ ကားဗုံးဖောက်ခွဲမှု လုပ်ဆောင်ခဲ့ပြီးနောက် အဆောက်အအုံအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ အထူးတပ်ဖွဲ့များ ချက်ချင်းရောက်ရှိလာပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အယ်လ်ခိုင်ဒါအဖွဲ့နှင့် မဟာမိတ်ပြုထားသည့် အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့က ဟိုတယ်ကို ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ