ဘုတလင်      ၁၈       ဩဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းသဖြင့် မိုးကောင်းသောက်ဒေသများတွင် လျှော်ဖြူပင်များ အစေးအထွက်နှုန်း နည်းပါးလာကြောင်း ကံသာကျေးရွာမှ လျှော်ဖြူစိုက်တောင်သူ ဦးသန်းဝင်းထံမှ သိရသည်။

 

"ကျွန်တော် ၂၀၁၂ ခုနှစ်ကတည်းက လျှော်ဖြူပင် စိုက်ပျိုးလာတာ ရှစ်နှစ် ရှိခဲ့ပါပြီ။ အခု လျှော်ဖြူပင် (၄၅၀)နဲ့ အစေးထုတ်နေပါတယ်။ မနှစ်ကဆိုရင် ဒီအချိန်မှာ တစ်ရက်ကို (၁၀)ပိဿာကနေ (၁၅)ပိဿာအထိ ထုတ်ခဲ့ရပါတယ်။ ဒီနှစ်မှာ မိုးရွာသွန်းမှုကလည်း နည်းတော့ တစ်ရက်ကို (၅)ပိဿာ ရအောင် မနည်းထုတ် နေရပါတယ်။ အစေးအထွက်နှုန်းက နည်း၊ ဈေးနှုန်းကလည်း နည်းတော့ အချို့ခြံတွေဆို လျှော်ဖြူမထုတ် တော့ပဲ ရပ်ဆိုင်းထားကြရတယ်"ဟု ဦးသန်းဝင်းက ပြောသည်။

 

ဘုတလင်မြို့နယ်၌ ယခုနှစ် မိုးရာသီ ဇွန်လတွင် မိုးရွာသွန်းရက်(၉)ရက်၊ မိုးရေချိန်(၃ ဒဿမ ၈) လက်မနှင့် ဇူလိုင်လတွင် မိုးရွာသွန်းရက်(၃)ရက်၊ မိုးရေချိန်(၃ ဒဿမ ၀၈)လက်မတို့ ရွာသွန်းခဲ့သော်လည်း တစ်မြို့နယ်လုံးတွင် မိုးရွာသွန်းပျံ့နှံမှု နည်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရွာသွန်းမှုမှတ်တမ်း များအရ သိရသည်။

 

ဘုတလင်မြို့နယ်တွင် ယခင်နှစ်က လျှော်ဖြူစိုက်ဧက(၁၂၈၄)ဧက ရှိခဲ့ရာ ယခုနှစ်တွင် (၂၅၈၆)ဧက အထိ စိုက်ပျိုးမှု များလာခဲ့ပြီး ရေဘုတလင်မြစ်ရေတင်လုပ်ငန်းမှ ပေးပို့သည့် ချင်းတွင်းမြစ်ရေဖြင့် စိုက်ပျိုးသော ညောင်ကန်၊ အုတ်အိုင်နှင့် ချပ်ကလေးကျေးရွာများတွင်သာ လျှော်ဖြူအစေးအထွက်နှုန်း ပုံမှန်ရရှိနေကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)