မကွေး ၁၈ သြဂုတ်
နိုင်ငံတော်အစိုးရက ကိုဗစ် ၁၉ ကာလအတွင်း အရံရိက္ခာ ဆန်တန်ချိန် ငါးသောင်းနှင့် ဆီတန်ချိန် တစ်သောင်း နှစ်ထောင်ကို ပြည်သူအားလုံးတစ်ဦးမကျန် ဖြန့်ဝေနိုင်ရန် သိုလှောင်ထားလျက်ရှိပြီး မကွေးတိုင်းရှိ ပြည်သူ ၄ သန်းကျော်အတွက် စားအုံးဆီ ၈၇၂ တန်(ဆီပုံး ၅၄၀၀၀ ကျော်) ကို ထောက်ပံ့ပေးထားကြောင်း တိုင်းစားသုံးသူရေးရာဦးစီးဌာနက သိရသည်။
အရံရိက္ခာ ဆန်များကို ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် သိုလှောင်ထားပြီး စားအုံးဆီကို တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဝေပေးခဲ့ရာ မကွေးတိုင်း၊ခရိုင်မြို့ကြီး(၅)မြို့၌ ဆီများရောက်ရှိ သိုလှောင်ထားပြီး ဖြစ်သည်။
“လိုအပ်လာရင် ပြည်သူတွေ ရိက္ခာပြတ်လပ်မှုမရှိအောင် နိုင်ငံတော်က ထောက်ပံ့ထားတာပါ။ အခုသိုလှောင် ထားတာတွေကို ဖြန့်ဝေဖို့ ခွင့်ပြုချက်ကျတာနဲ့ ထောက်ပံ့ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ” ဟု မကွေးတိုင်း စားသုံးသူရေးရာ ဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးမြင့်ဝင်း က ပြောသည်။
၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းအရ မကွေးတိုင်းတွင် လူဦးရေ ၃ ဒသမ ၉သန်းရှိပြီး ယခုနှစ်တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ၊ရပ်ကွက်ကျေးရွာအခြေခံစာရင်းများ နှင့် လူဝင်မှုကြီးကြပ်ရေးစာရင်းများအရ လူဦးရေ ၄ သန်းကျော်ရှိကြောင်း ၊ ယခုရရှိသည့်ခွဲတမ်းမှာ လူဦးရေ ၃ ဒသမ ၉ သန်းကို အခြေခံပြီးရရှိသည့်ခွဲတမ်းဖြစ်ပြီး လက်ရှိလူဦးရေဖြင့် ဝေမျှပါက လူတစ်ဦးလျှင် ဆီ ၁၂ ကျပ်သားခန့် ပေးနိုင်မည်ဖြစ်ကြောင်း တိုင်းဦးစီးမှူး ဦးမြင့်ဝင်းထံက သိရသည်။
ဇေယျတု(မကွေး)