ရေဦး ၁၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးဌာနမှူးရုံးမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်များကို ရုံးပိတ်ရက်မထားဘဲ နေ့ချင်းပြီး ဆောင်ရွက် ပေးနေကြောင်း သိရသည်။
အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ပြုလုပ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အခမဲ့ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူများ နှာခေါင်းစည်းမပါပါက အခမဲ့ပေးဝေခြင်း၊ လက်ဆေးပြီးမှ ရုံးတွင်း ဝင်ရောက်၍ လျှောက်လွှာတင်ခြင်းစေခြင်း၊ လူစုလူဝေးမဖြစ်စေရန် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေရာချထားခြင်း၊ နားနေဆောင်တွင် စာဖတ်ရန်စာအုပ်၊ စာစောင်များထားရှိပေးခြင်း၊ တီဗီတပ်ဆင်ပြသပေးထားခြင်းများ စီစဉ်ထားကြောင်း ဦးစီးဌာနမှုးကပြောသည်။
နိုင်ငံသားစိစစ်ရေးကတ် နေ့ချင်းပြီးရရှိမှုနှင့်ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ မကျီးတောကျေးရွာမှ မမေသင်္ကြန်က “ကျွန်မအခု လဝကရုံးကို မနက်ပိုင်းက ရောက်ပါတယ်။ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်ခြင်းဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ခင်မှာ နိုင်ငံသားစိ စစ်ရေးကတ် ပြုလုပ်ဖို့ ဘာတွေလိုအပ်သလဲ စုံစမ်းရန်ဌာနမှာ ဖုန်းနဲ့ ဆက်သွယ်မေးခဲ့ပါတယ်။ ဌာနက ရှင်းပြတဲ့အတိုင်း မှတ်သားပြီး လိုအပ်တဲ့အချက်အလက် ပြည့်စုံအောင် ယူခဲ့တယ်။ လဝကရုံးကို ကာယကံရှင်နှင့်အတူ မိဘ သို့မဟုတ် အုပ်ထိန်းသူက လာရောက်လျှောက်ထားရတယ်။ အချက်အလက်တွေ ဖြည့်သွင်းပြီးတော့မှ လဝကဦးစီးမှူးက နေ့ချင်းထုတ်ပေးခဲ့ပါတယ်” ဟု ရှင်းပြသည်။
၂၀၂၀ ရွေးကောက်ပွဲအမီ အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ဧပြီလမှစ၍ ဩဂုတ်လဝက်အထိ လူဦးရေ တစ်ထောင်ကျော် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးပြီးဖြစ်သလို ရုံးပိတ်ရက်မထားဘဲ ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)