နေပြည်တော် ၁၈ ဩဂုတ်

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က တရားမျှတပြီး ဘက်လိုက်မှုကင်းရှင်းသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေအတွင်းရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပထမအကြိမ်မဲစာရင်းများ ကပ်ထားကြေငြာစဉ်ကာလတွင် မဲဆန္ဒရှင်များ၏ သတ်မှတ်ပုံစံအသီးသီးဖြင့် လျှောက်ထားမှုများကို ဉပဒေနှင့်အညီ ဆောင်ရွက်ပေးသွားကြရန်နှင့် မှားယွင်းမှုအနည်းဆုံးဖြစ်ရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးဆန်းလွင်တို့က ဒုတိယအကြိမ် မဲစာရင်းမကြေညာမီ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လွဲမှားမှုအများဆုံးဖြစ်ပေါ်နိုင်သည့် အချက်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ကျူးကျော်နေထိုင်ကြသူများအတွက် စီမံဆောင်ရွက်သင့်သည့် အချက်များ၊ မဲဆန္ဒရှင်စာရင်း မကျန်ရှိစေရေး စီစဉ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြာများ ပျက်စီး၊ ပျောက်ဆုံး၊ လျှောက်ထားမှုများကို ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)