နေပြည်တော် ၁၈ ဩဂုတ်

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ နည်းပညာအထောက်အကူပြု ပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန်းဟွာက နည်းပညာအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ဂုဏ်ပြုစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးက နည်းပညာအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ရာ ဒုတိယဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယခုလှူဒါန်းသည့် Samsung Tablet များအား နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များ၊ အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေးအတွက် ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်