နေပြည်တော် ၁၈ ဩဂုတ်
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနနှင့် ကလေးနှင့် လူငယ်ဦးစီးဌာနတို့လက်အောက်ရှိ ဂေဟာများနှင့် လူငယ်သင်တန်းကျောင်းတို့တွင် လက်ခံစောင့်ရှောက်ထားသည့် မြန်မာနိုင်ငံသား (၃၆)ဦးအား ဩဂုတ် ၂၈ ရက်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) (မြဝတီ-မဲဆောက်)၏ ထိုင်းနိုင်ငံဖက်တွင် လွှဲပြောင်းလက်ခံနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေအရ ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူအဖြစ် စိစစ်ဖော်ထုတ်သတ်မှတ်ခဲ့သည့် လူကုန်ကူးခံရသူ (၃၂)ဦးနှင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူအမျိုးသားကလေး (၄)ဦးအား ဩဂုတ် (၂၈)ရက်၌ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) (မြဝတီ-မဲဆောက်)၏ ထိုင်းနိုင်ငံဖက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းလက်ခံခြင်း၊ နေရပ်ပြန်လည်ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ လူကုန်ကူးခံရသူများအား ထောက်ပံ့ကူညီပေးရေးတို့ကို သက်ဆိုင်ရာဌာနအလိုက် အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကောင်စစ်ရေးရာနှင့် ဉဒေရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ UNICEF, IOM, World Vision နှင့် Save the Children တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် လူကုန်ကူးခံရသူစုစုပေါင်း (၁၅၃)ဦးရှိကြောင်း သိရသည်။
သတင်းစဉ်