လင်းခေး   ၁၉   ဩဂုတ် 

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစပါးထုတ်လုပ်ရေးလုပ်ငန်း တောင်သူများထံသို့ ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှငြိမ်းခိုင်က အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က တောင်သူ ၄ ဦးထံ မျိုးစပါးစိုက်ပျိုးရေးထောက်ပံ့ငွေများကို တစ်ဦးချင်းအလိုက် အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က နိဂုံးချုပ်အမှာစကား ပြောကြားပေးကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

ယင်းအစီအစဉ်အရ ယနေ့ပေးအပ်ခဲ့သည့် စိုက်ပျိုးအစီအစဉ်အတွက် တောင်သူတစ်ဦးလျှင် မျိုးစေ့ ဝယ်ယူခြင်းထောက်ပံ့ငွေကျပ် ၈၅ဝဝ နှင့် စိုက်ပျိုးခြင်းစရိတ်အတွက် ငွေကျပ် ၇၅ဝဝဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ CERP အစီအစဉ်အရ စိုက်ပျိုးသွားမည့် စိုက်ဧကမှာ ၅ ဧကဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးလုပ်ကိုင်ကြသူ တောင်သူများ စုစုပေါင်း(၄ဝ)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)