သံဖြူဇရပ်  ၁၉   သြဂုတ်

 

ကိုဗစ်- ၁၉ ကာလကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေ တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)စီ စုစုပေါင်းငွေကျပ်သိန်း (၁၁၀၀) ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ ဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း မြို့နယ်ဉီးစီးမှူး ဒေါ်တင်ဝေနှင်းက ပြောသည်။

 

သံဖြူဇရပ်မြို့နယ်တွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ဝတ်ဖြူ၊ ဒုံကနိ၊ ရဲတံခွန်၊ ပယောဟဲ၊ ဝဲဟတာ၊ ကုန်းမြင့်သာ၊ ဂျော့၊ စွပ္ပလောင်၊ ကရင်သောင်၊ ခလောက်ချ စသည့်ကျေးရွာ(၁၁)ရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၁)ခု၊ ချောင်းကျောက်ကောက်ယူခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်း (၅)ခု၊ လမ်းရေမြောင်းတူးဖော်ခြင်းလုပ်ငန်း(၁၁)ခု၊ လမ်းသားမျက်နှာပြင်ပြု ပြင်ခြင်းလုပ်ငန်း(၆)ခု၊ စာသင်ကျောင်းခန်းမ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း(၁)ခု စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၁)ခု၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း(၁)ခု၊ ပေါင်ကူးတံတား(၁)စင်း၊ ရေပြွန် (၈၂)ခု ၊ Slab Culver (၃)စင်း၊ သုဿာန်မြေနေရာ ရှင်းလင်းခြင်းလုပ်ငန်း(၂)ခု စုစုပေါင်းလုပ်ငန်း(၁၁၄)ခုတို့ကို (CFW) စီမံကိန်းရန်ပုံငွေစုစုပေါင်း ငွေကျပ်သိန်း (၁၁၀၀)ဖြင့် သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေး ဉီးစီးဌာနမှ ကြီးကြပ်၍ အဆိုပါကျေးရွာများမှ ကျေးရွာနေပြည်သူများ၏ လုပ်အားဖြင့် ဇူလိုင်လမှ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများကို ကျေးရွာပေါင်း(၁၁)ရွာတို့မှ အိမ်ခြေ (၁၆၃၀)၊ လူဉီးရေ ၈၄၆၁)ဉီးတို့အား  များစွာအထောက်အကူပြု နေပြီဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများမှ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေမည့်အပြင် ကျေးရွာ အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေးတို့အတွက် လိုအပ်နေသည် အမာခံလမ်းကို ရရှိနိုင်မည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်တင်ဝေနှင်း က ပြောသည်။

 

မြင့်ဉီး(မြိတ်)