မကွေး  ၁၉  သြဂုတ် 

 

မကွေးမြို့ ၊ ပြည်တော်သာလမ်း နှင့် သုခတာလမ်းထောင့်ရှိ ကုန်သည်ကြီးများအသင်း နှင့် မျက်နှာချင်းဆိုင်၌ တည်ဆောက်ပြီးစီးခဲ့သည့် ရေဂါလံ ၁၆၀၀၀ဆံ့ နှစ်(၃၀)အာမခံ စင်မြင့်ရေလှောင်ကန်တစ်ခုကို Gret Myanmar INGO က မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စည်ပင်ကော်မတီဥက္ကဌ ဦးဖိုးနီ ထံက သိရသည်။

 

သြဂုတ်လ ၁၈ ရက်နေ့တွင် မကွေးစည်ပင်ရုံး၌ စာချုပ်စာတန်းလက်မှတ်ထိုး၍ လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၁၄၉၉ ဒသမ ၄၉၄ သိန်းတန်ဖိုးရှိ အဆိုပါရေလှောင်ကန်ကို မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်  Gret Myanmar INGO  အင်ဂျင်နီယာများ ပူးပေါင်း၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

 

“ မကွေးမြို့ရဲ့ ရေ ၊ အမှိုက် ၊ အညစ်အကြေး ကိစ္စတွေနဲ့ပတ်သက်ပြီး ၂၀၁၆ ဖေဖော်ဝါရီမှာ သူတို့နဲ့ဆွေးနွေးခဲ့တယ်။ အခုရေစင်က ရေပေးဝေရေး ဇုန် ၄ ကို ပိုင်းလော့ဧရိယာအဖြစ် သတ်မှတ်ပြီး လုပ်ခဲ့တာပါ။ လုပ်ငန်းပြီးလို့ စည်ပင်ကို အပြီးအပ်တာပါ။ Gret Myanmar အနေနဲ့ မြန်မာစကားပုံအရ ပြောမယ်ဆိုရင် ဟင်းစားပဲ ပေးတာမဟုတ်ပါဘူး။ ကွန်ချက်ပါပြခဲ့တာပါ။ သူတို့ဆီက နည်းပညာတွေပါ ရခဲ့ပါတယ် ” ဟု မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးဖိုးနီ က ပြောသည်။

 

မကွေးမြို့တွင် ရေပေးဝေရေးဇုန်(၇)ခု ရှိပြီး ယခုပေးအပ်သည့် ဇုန်-၄ ရေလှောင်ကန်မှ စည်ပင်ရေတိုင် ၅၀၀ ခန့်ကို ရေပေးဝေနေကြောင်း ၊ ရေတိုင်ထပ်လျှောက်လျှင် အိမ်ခြေ ၅၀၀ ကျော်ကို ထပ်မံဖြန့်ဝေနိုင်မည်ဖြစ်ပြီး လျောက်ထား သူမရှိပါက မူလရေတိုင်(၅၀၀)ကို ၂၄ နာရီ ရေဖြန့်ပေးနိုင်မည်ဖြစ်ကြောင်း မကွေးစည်ပင် က သိရသည်။ 

 

ဇေယျတု(မကွေး)