မကွေး ၁၉ သြဂုတ်
တောင်ရှည်ပုဆိုးကို လက်ဖြင့်မကာ ကျက်သရေခေါင်းပေါင်းဖြင့် တိုင်းပြုပြည်ပြု လွှတ်တော်တက်မည့်ဟန် ထုဆစ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ စကျင်ကျောက်ပုံရုပ်တုကို မကွေးတိုင်းလွှတ်တော်ဝန်း အတွင်းတွင် ထားရှိသွားမည်ဖြစ် ကြောင်း တိုင်းလွှတ်တော်ဥက္ကဌ ဦးတာ ထံက သိရသည်။
(၁၆)ပေအမြင့်ရှိ ဗိုလ်ချုပ်ရုပ်တုကို အလေးချိန်တန်(၃၀)ရှိ တစ်လုံးတည်းသော စကျင်ကျောက်ဖြင့် မန္တလေး တိုင်း ၊ မတ္တရာမြို့နယ် ၊ စကျင်ရွာတွင် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်မသုံးဘဲ စေတနာရှင်ပြည်သူများ၏ စုပေါင်း လှူဒါန်းမှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
“ ဗိုလ်ချုပ်လွှတ်တော် တက်နေတဲ့ပုံက မကွေးတိုင်းလွှတ်တော်နဲ့ အံဝင်ခွင်ကျဖြစ်တယ်။ တိုင်းအတွင်းမှာလည်း ထူးထူးခြားခြားဖြစ်စေချင်တဲ့ စေတနာနဲ့ဝိုင်းဝန်းစဉ်းစားလုပ်ဆောင်ခဲ့ကြတာပါ။ ထုလုပ်တာပြီးစီးတဲ့အဆင့် ရောက်နေပြီဆိုတော့ သယ်ယူဖို့ စီစဉ်နေပါတယ် ” ဟု မကွေးတိုင်းလွှတ်တော်ဥက္ကဌ ဦးတာ က ပြောသည်။
အဆိုပါရုပ်တုမှာ မြန်မာနိုင်ငံရှိလွှတ်တော်အရပ်ရပ်တွင် ပထမဆုံးထားရှိသည့် ဗိုလ်ချုပ်လွှတ်တော်တက်နေ ဟန် ရုပ်တုဖြစ်ပြီး မူလက ကြေးရုပ်ဖြင့်ပြုလုပ်ရန် စဉ်းစားခဲ့သော်လည်း အများဆန္ဒအရ ဖြူစင်ပြီး ထုထည်ကြီးမားသော စကျင်ကျောက်ကို တစ်မူထူးခြားအောင် ရွေးချယ်ဖြစ်ခဲ့ကြောင်း မကွေးတိုင်းလွှတ်တော်ဥက္ကဌ ထံက သိရသည်။
ဇေယျတု(မကွေး)
Photo-Thetdwe Aung