တောင်ကြီး ၁၉ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ ယနေ့နံနက် ၉ နာရီခွဲ က ကမ်းလမ်းမေတ္တာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှုများ လျှော့ချရေး သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စဝ်ဟေမာသိုက် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ တက်ရောက်လာကြ သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော် မှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေး နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း၊ သက်ကြီးရွယ်အို ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း ၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး လုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ၊ အိမ်တွင်းအကြမ်းဖက်မှု အမျိုးအစား၊ အိမ်တွင်းအကြမ်းဖက်မှု ဥပဒေစသည့် ခေါင်းစဉ်များဖြင့် ပို့ချသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အိမ်တွင်းအကြမ်းဖက်မှု လျော့ချရေးသင်တန်းနှင့် ပတ်သက်၍ ကမ်းလမ်းမေတ္တာဖွံ့ဖြိုးရေး အဖွဲ့ အစည်းတာဝန်ခံ ဒေါ်ကိန္နရီ အား တွေ့ဆုံမေးမြန်းရာတွင် ‘ COVID-19 ကာလအတွင်း အလုပ်အကိုင် များ ရပ်နားထားရသည့်အတွက် အိမ်တွင်းမိသားစု အဆင်မပြေမှုများ ကြုံတွေ့နေရပြီး ဘယ်လိုပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းမယ် ၊ အိမ်တွင်းအကြမ်းဖက်မှုကို လျှော့ချနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်မယ် ဆိုတာ တွေအပြင် အမျိုးသမီးများ အဖွဲ့ဖြင့် ရပ်ရွာအတွင်းမှာ ဘာကြောင့် ပြဿနာဖြစ်နေတယ်ဆိုတာ ဖြေရှင်းဖို့ ချိတ်ဆက်မိကြမယ်၊ အိမ်တွင်း အကြမ်းဖက်မှုဖြစ်ပါက ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အတွက် ဒီသင်တန်းကို ဖွင့်ရခြင်းဖြစ်ပါတယ် ။ ဒီသင်တန်းကို အာရှဖောင်ဒေးရှင်းနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုဟာ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူး တို့နဲ့ ဦးစွာတွေ့ရှိ ရပါတယ်၊ ဒီသင်တန်းကိုတော့ COVID-19 ကာလမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တောင်ကြီးမြို့ မှာဘဲဖွင့်ပါတယ်။ ကျွန်မအနေဖြင့် ဖြည့်စွက်ပြောချင်တာက အိမ်တွင်း အကြမ်းဖက်မှုမှာ အမျိုးသားရော အမျိုးသမီးပါ အကောင်းဆုံး အပြုသဘောဆောင်သည့် လက္ခဏာကို ဖော်ဆောင်မှသာ အိမ်တွင်း အေးချမ်းမှာဖြစ်ကြောင်း’ ပြောကြားသည်။
အဆိုပါသင်တန်းကို သြဂုတ်(၁၉)ရက်မှ(၂၀)ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက် များမှ ရာအိမ်မှူးများ (၃၀)ခန့် တက်ရောက်ကြမည် ဖြစ်ကြောင်း ၊ တောင်ကြီးတက္ကသိုလ် ဥပဒေပညာ ဌာနမှဥပဒေအရာရှိ ပါမောက္ခဒေါက်တာ ယဉ်ယဉ်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော် တို့ မှ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်