ပုလဲ  ၁၉  ဩဂုတ်  

 

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင်  နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို  စတုတ္ထအကြိမ် ထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် ထံမှသိရှိရသည်။ 

 

စတုတ္ထအကြိမ် ထောက်ပံ့မှုအနေဖြင့် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၉ စု၊ ကျေးရွာပေါင်း ၁၉၁ ရွာမှ အိပ်ထောင်စု ၃၂,၇၁၅ စုအတွက်  ထောက်ပံ့ငွေကျပ် ၆၅၄,၃၀၀,၀၀၀ သိန်းအား ပြည်သူ့လက် ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင် ဌာနဆိုင်ရာမှအကြီး အကဲများ၊ ဝန်းထမ်းများအပါအဝင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ  အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်အတူ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေး လျက်ရှိပါကြောင်း အုပ်ချုပ်ရေးမှူးက  ဆက်လက်ပြောကြားသည်။

 

ပုလဲမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ပထမအကြိမ်ထောက်ပံ့မှုအနေဖြင့် ရိက္ခာငါးမျိုးကို  အိမ်ထောင်စု ၁၀၂၀၃ စုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် ထောက်ပံ့မှုအနေဖြင့် ကျေးရွာအုပ်စု ၅၉ အုပ်စုမှ ကျေးရွာ ၁၉၁ ရွာအတွင်းရှိ အိမ်ထောင်စု ၂၂,၆၇၇ စုအတွက် ငွေကျပ် ၃၄၀,၁၅၅,၀၀၀ သိန်း ထောက်ပံ့ပေးပါကြောင်း၊ တတိယအကြိမ် ထောက်ပံ့မှုအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၁ စုရှိ  အိမ်ထောင်စု  ၃၂,၈၈၀ စုအတွက်  ထောက်ပံ့ငွေကျပ် ၆၅၇,၆၀၀,၀၀၀ သိန်းကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ယခု စတုတ္ထအကြိမ်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိပါကြောင်း၊ ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် က ဆက်လက်ပြောကြားသည်။

 

 မွှေးကြူဇင်