ပခုက္ကူ  ၁၉  ဩဂုတ်

 

ပခုက္ကူမြို့နယ်အတွင်းရှိ  တောင်သူ(၂၆၂၀)၏ စိုက်ပျိုးဧကပေါင်း(၁၈၉၈၇)ဧကအတွက် ကိုဗစ်-၁၉ ကာလ စိုက်ပျိုးစရိတ်ချေးငွေအဖြစ်  ဇွန်လမှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ သိရသည်။

 

၂၀၂၀ ပြည့်နှစ် ဇွန်မှ စက်တင်ဘာလအထိ ကိုဗစ်-၁၉ကာလ စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ် ထုတ်ချေးပေးရာ ပခုက္ကူမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူ (၂၆၂၀)၏ စိုက်ပျိုးဧက ပေါင်း (၁၈၉၈၇)ဧကအတွက် အတိုးနှုန်း ငါးရာခိုင်နှုန်းသတ်မှတ်ပြီး တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်းစီဖြင့် ချေးငွေပမာဏ ငွေကျပ် (၉၄၉၃၅၀ဝ၀ဝ)ကို ဩဂုတ် ၁၈ ရက်အထိ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ၂၀၂၀ ပြည့်နှစ် မိုးစပါးနှင့်အခြားသီးနှံစိုက်ပျိုးသည့် ကျေးရွာအုပ်စု(၃၂)အုပ်စုမှ တောင်သူ(၄၈၀၃)ဦး၏ စိုက်ပျိုးဧကပေါင်း (၃၅၃၃၈)ဧကအတွက် စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ နှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းတို့ဖြင့် မေလမှ စက်တင်ဘာလအထိ ချေးငွေပမာဏ ငွေကျပ်(၃၅၇၆၇၅၀ဝ၀ဝ)တို့ကို ထုတ်ချေးပေးခဲ့ပြီး မိမိတို့၏ စိုက်ပျိုးသီးနှံများ ပေါ်ထွက်ချိန်တွင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ပြန်ဆပ်နိုင်ကြောင်း။

 

နိုင်ငံတော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကျေးလက်ဒေသလူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုဖြင့် ထိရောက်စွာအထောက်အကူပြုစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ ရည်မှန်းချက်(၆)ရပ်အပေါ် အခြေခံပြီး ဘဏ်စနစ်ကို ကျင့်သုံးလာတတ်စေရန်နှင့် ဘဏ်လုပ်ငန်းအပေါ် ယုံကြည်စွာ ဆက်ဆံလာကြစေရန် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန်အတွက် တောင်သူတစ်ဦး အနေဖြင့် အိုးခွဲစား အိမ်ထောင်ဦးစီး ဖြစ်ခြင်း၊ ငွေစုစာရင်းဖွင့်လှစ်ပြီးသူ၊ ပုံစံ(၁၀၅)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) မူရင်းလက်ဝယ် ပိုင်ဆိုင်သူ၊ ရပ်ကွက်/ ကျေးရွာအတွင်း အမြဲနေထိုင်သူ စသည့်အချက်များ ပြည့်စုံ သူများအား တစ်ဧကအောက်နှင့် ၁ ဒသမ ၄၉ ဧကကို တစ်ဧက ချေးငွေနှုန်း၊ တစ်ဧကခွဲနှင့်အထက်ကို နှစ်ဧက ချေးငွေနှုန်းထားတို့ဖြင့် နွေစပါး၊ မိုးစပါး၊ ဆောင်းစပါးနှင့် အခြားသီးနှံစိုက်ပျိုးစရိတ်များကို နှစ်စဉ် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)