ကျိုက်မရော ၁၉ သြဂုတ်
မော်လမြိုင်၊ သံဖြူဇရပ် ၆၆ KV ဓာတ်အားလိုင်း တည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော နှစ်ရှည်ပင်၊ သီးနှံပင်များအတွက် တောင်သူတစ်ဦးချင်းစီသို့ လျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ရွှေဟင်္သာ)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က အမှာစကားပြောကြားပြီး မွန်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်ဇော်ဉီးက ပျက်စီးသွားသော အပင်များနှင့် သီးနှံလျော်ကြေးငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က သီးနှံ ပျက်စီးသွားသော တောင်သူများနှင့်တွေ့ဆုံ၍ ပျက်စီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိသူများက ပိန်းနဲကုန်းကျေးရွာမှ တောင်သူများအား သီးနှံလျော်ကြေးငွေများကို တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ယနေ့ ကျင်းပသော တောင်သူများအား လျော်ကြေးငွေပေးအပ်ရာတွင် ဓာတ်အားလိုင်း တပ်ဆင်ခြင်းကြောင့် သီးနှံ ပျက်စီးမှုအတွက် တောင်သူ(၁၀)ဦးတို့အား လျော်ကြေးငွေ ၅၇ သိန်း ၆ သောင်းကျပ်ကို ပေးအပ်ခဲကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ခွဲရုံမှဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)