နေပြည်တော် ၁၉ သြဂုတ်

 

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) သို့ ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အဓမ္မခိုင်းစေမှုဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ်-၂၉ ကို ၁၉၅၅ ခုနှစ် မတ်လ ၁၈ ရက်တွင် လက်ခံကျင့်သုံးခဲ့၍ အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော်ရာတွင် ILO နှင့် လက်မှတ်ရေးထိုးခဲ့သော ၂၀၀၂ ခုနှစ် နားလည်မှုစာချွန်လွှာနှင့် ၂၀၀၇ ခုနှစ် နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ (Supplementary Understanding-SU) တို့အရ အဓမ္မခိုင်းစေမှုများတိုင်ကြားနိုင်သည့် တိုင်ကြားမှုယန္တရားထူထောင်ပြီး အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ၂၀၁၈ ခုနှစ် ထိ ILO နှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

 

၂၀၁၉ ခုနှစ်မှစ၍ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို နိုင်ငံပိုင်ယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၁)ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ လုပ်ငန်းစီမံချက်အရ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism–NCM) ထူထောင်ရေးဆောင်ရွက်ဆဲကာလတွင် တိုင်ကြားမှုများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပါအဝင်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG) က ကြားကာလယန္တရားအဖြစ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား - NCM ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၇၂/၂၀၁၉ ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ဝန်ကြီးဌာန (၁၅)ခုနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၆)ဦးပါဝင်ဖွဲ့စည်းခဲ့သော အမျိုးသားကော်မတီကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၈ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၂၈/၂၀၂၀ ဖြင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ထပ်မံထည့်သွင်း၍ စုစုပေါင်း(၃၁)ဦး ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်တွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်လည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိကြား ကာလယန္တရားမှ လက်ခံရရှိခဲ့သောအမှုများ အပါအဝင် စုစုပေါင်း ၅၃ မှု လက်ခံရရှိခဲ့ပြီး အဆိုပါအမှုများတွင် အသက်မပြည့်ဘဲ တပ်မတော်သို့ စုဆောင်းခံရသဖြင့် တပ်မတော်မှ နုတ်ထွက်လိုမှု၊ အလုပ်သမားရေးရာနှင့် ဆက်နွယ်သည့်အမှုများ အဓိကပါဝင်ပြီး အမြန်ဆုံးဖြေရှင်း ဆောင်ရွက်လျက်ရှိရာ ၃၃ မှု ဖြေရှင်းဆောင်ရွက်ပြီးဖြစ်၍ ၂၀ မှု ဆောင်ရွက်ဆဲဖြစ်သည်။ ထို့အပြင် အမျိုးသားကော်မတီအနေဖြင့်လည်း တိုင်ကြားသူများ၏ တိုင်ကြားစာအားအဓမ္မခိုင်းစေမှု မြောက်/မမြောက် စိစစ်ဆောင်ရွက်လျက်ရှိသလို တိုင်ကြားသူများ၏ အချက်အလက်များကိုလည်း မသက်ဆိုင်သူများ မသိရှိစေရေး ဆောင်ရွက်ထားရှိသည်။

 

မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို လွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ILO (ရန်ကုန်) နှင့် အခြားအဖွဲ့အစည်းများမှတစ်ဆင့် လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့် လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် email လိပ်စာ [email protected], [email protected], [email protected] များ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။

 

သတင်းစဉ်