နေပြည်တော် ၁၉ ဩဂုတ်
Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ ပါဝင်တက်ရောက်ရေးအတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က မိမိအနေဖြင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း၊ ယခုနှစ် အထွေထွေညီလာခံကျင်းပမည့် အစီအစဉ်တွင် ဆွေးနွေးကြမည့် ကဏ္ဍအလိုက် အကြောင်းအရာများနှင့်စပ်လျဉ်း၍ မှန်ကန်စွာရပ်တည်နိုင်ရေးအတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များက အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်၊ AIPA ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ နိုင်ငံရေးကဏ္ဍဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်၊ စီးပွားရေးကဏ္ဍဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဦးနိုင်ထူးအောင်၊ လူမှုရေးကဏ္ဍဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဒေါက်တာစံရွှေဝင်း၊ အမျိုးသမီးရေးရာကဏ္ဍဆိုင်ရာ အဖွဲ့ခေါင်းဆောင် နော်လှလှစိုး၊ လူငယ်ရေးရာကဏ္ဍ အဖွဲ့ခေါင်းဆောင် ဒေါ်ဝင့်ဝါထွန်း၊ AIPA အုပ်ချုပ်မှုကဏ္ဍဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဒေါ်ပြုံးကေသီနိုင်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်စိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်တို့က အထွေထွေညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် တာဝန်ခွဲဝေသတ်မှတ်ထားသည့် ကဏ္ဍအလိုက် အကြောင်းအရာ၊ အခြေအနေများကို ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်