ကင်ဘာရာ ၂၀ ဩဂုတ်
ဩစတြေးလျနိုင်ငံက ကိုဗစ်-၁၉ အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းနေကြောင်းနှင့် ကာကွယ်ဆေးရရှိသည်နှင့်တစ်ပြိုင်နက် တစ်နိုင်ငံလုံးရှိ ပြည်သူ ၂၅ သန်းလုံးကို အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြားလိုက်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို အက်စထရာဇီနီကာ ဆေးဝါးထုတ်လုပ် ရေးကုမ္ပဏီနှင့် အောက်စဖို့တက္ကသိုလ်တို့က အတူတကွ ပူးပေါင်းကာ တီထွင်ဖော်စပ်ခဲ့ပြီး စိတ်ချရသည့် ကာကွယ်ဆေးဖြစ်ရေးအတွက် စမ်းသပ်မှု အဆင့်ဆင့် ဆောင်ရွက်လျက်ရှိသည်။
အကယ်၍ စမ်းသပ်မှုများ အောင်မြင်ခဲ့လျှင် အက်စထရာဇီနီကာနှင့် သဘောတူညီထားချက်အရ ဩစတြေးလျ ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေး စောစောရရှိအောင် အလုံအလောက် ထုတ်လုပ်ဖြန့်ဝေမည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ်က ပြောသည်။ ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ဆက်လက်တိုးနေဆဲဖြစ်ပြီး ရောဂါကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ၄၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။
ယခုလအစောပိုင်းက ဗစ်တိုးရီးယားပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အလွန်တိုးပွားလာမှုကြောင့် တစ်ပြည်နယ်လုံးကို ကပ်ရောဂါ ဖြစ်ပွားမှု အရေးပေါ်အခြေအနေကြေညာခဲ့သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူ ၇၀၀၀ ကျော် အထိရှိရာ ဩစတြေးလျနိုင်ငံ၏ စိုးရိမ်စရာအကောင်းဆုံးအခြေအနေတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဩစတြေးလျပြည်သူများသို့ ကာကွယ်ဆေး ဖြန့်ဝေရေးအတွက် အက်စထရာဇီနီကာ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်သည် ဩစတြေးလျနိုင်ငံအတွက် ယင်းကဲ့သို့သော စာချုပ်မျိုးကို ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးမှုဖြစ်ကြောင်း သိရသည်။
အေပီ