၂၀ ဩဂုတ်
အရှေ့တောင်အာရှ နိုင်ငံတွေမှာ နှစ်စဉ် မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေသတဝန်းမှာ သေဆုံးသူ ၁,၃၀၀ နီးပါးအထိ ရှိလာချိန်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ လမ်းတွေဟာ ရေဖုံးလွှမ်းနေတာကို မနေ့က တွေ့မြင်ရပါတယ်။
လူဦးရေ ထူထပ်တဲ့ အရှေ့တောင်အာရှမှာ မုတ်သုန်ရာသီဟာ အရေးပါတာကို တွေ့ရပါတယ်။ နွေရာသီရဲ့ အပူဒဏ်ကို ခံစားထားတဲ့ ဒေသတွင်းက စိုက်ခင်းတွေနဲ့ ရေသွင်းလမ်းကြောင်းတွေအတွက် မုတ်သုန်ဟာ အရေးပါတာကို တွေ့ရပေမယ့် မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် အပျက်အစီးနဲ့ လူသေဆုံးမှုတွေပါ ဒွန်တွဲ ဖြစ်ပွားလေ့ ရှိပါတယ်။
အခုနှစ် မုတ်သုန်ရာသီ အတွင်းမှာ အိန္ဒိယနိုင်ငံတွင် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၈၄၇ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံရဲ့ အနောက်တောင်ဘက်ရှိ ကာရာလာ ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူပေါင်း ၆၁ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ဘီဟားပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၈ သန်း အပေါ်မှာ ထိခိုက်မှုရှိကြောင်းနဲ့ ထောင်၊ သောင်း ချီတဲ့လူတွေဟာ အဝေးပြေး လမ်းမတွေပေါ်မှာ ယာယီတဲတွေနဲ့ နေထိုင်နေရကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ၂၂၆ ဦး သေဆုံးပြီး နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းဟာ ရေလွမ်းမိုးမှု ခံစားနေရကြောင်း၊ အခု အခြေအနေဟာ နိုင်ငံရဲ့ သမိုင်းမှာ ဒုတိယမြောက် အဆိုးဆုံး ရေကြီးရေလျှံမှု ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၆ သန်းကျော်ရဲ့ နေအိမ်တွေ ပျက်စီးထိခိုက်မှု ရှိကြောင်းနဲ့ ထောင်ချီတဲ့ ကျေးရွာနေ ပြည်သူတွေ ကယ်ဆယ်ရေး စခန်းတွေကို ရောက်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝ ဘေးအန္တရာယ် စီမံရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ နီပေါနိုင်ငံမှာ ဇွန်လလယ်ပိုင်းက စတင်ခဲ့တဲ့ မုတ်သုန်ကြောင့် သေဆုံးသူ ၂၁၈ ဦး ရှိပြီး ပျောက်ဆုံးသူ ၆၉ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
လူဦးရေ သန်း ၂၀ နေထိုင်တဲ့ နယူးဒေလီမှာ မနေ့က ရွာသွန်းတဲ့ မိုးကြောင့် လမ်းမတွေပေါ်မှာ ဒူးအထိ ရေတင်နေမျိုး တွေ့ရတဲ့အတွက် သွားလာနေတဲ့ ယာဉ်တွေ အခက်အခဲနဲ့ ရင်ဆိုင်ရပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ကြောင်း သိရပါတယ်။
ပုံမှန်အားဖြင့် ကန္တာရလို ပူပြင်းတဲ့ ရာဂျာသံ ပြည်နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပြည်နယ်မြို့တော် ဂျာပူးရှိ ပြတိုက်တွင်းမှာ ထားရှိတဲ့ နှစ်ပေါင်း ၂,၃၀၀ သက်တမ်းရှိ အီဂျစ်မံမီ ရုပ်လောင်း ထည့်ထားတဲ့ ဖန်အိမ်ကို ဖျက်ပြီး မံမီရုပ်ကို ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။
ဂျာပူးရှိ အဲဘတ်ဟောပြတိုက်မှာ ပြသထားတဲ့ မံမီရုပ် ထားရှိရာ ကြမ်းပြင်ဟာ မိုးရေတွေနဲ့ ပြည့်လျှံတဲ့ အတွက် မံမီရုပ်ကို ထုတ်ယူခဲ့ရကြောင်း ပြတိုက် တာဝန်ခံက ပြောပါတယ်။
MDN
ကိုးကား - AFP