မိုင်းဖြတ် ၂၀ သြဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် ကာလ၌ အာခါရိုးရာ လက်မှုချည်ထည်ကို တပိုင်တနိုင်ထိုးခြင်းဖြင့် မိသားစုဝင်ငွေများရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သြဂုတ်လ ၂၀ ရက်က အာခါရိုးရာချည်ထည်ထိုးခြင်း လုပ်ကိုင်နေသူများထံမှ သိရပါတယ်။
“ယခုလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေနေစဉ်ကာလမှာ မိမိတို့အိမ်မှာနေပြီး အာခါရိုးရာချည်ထည် ထိုးခြင်းဖြင့် မိသားစုဝင်ငွေများ ရရှိကြောင်းနှင့် အာရိုးရာချည်ထည်များကို လက်မှုအနုပညာဖြင့် သေသပ်စွာ ထိုးရကြောင်း မလေးအာက ယခုလိုပြောပါတယ်။
“ကျွန်မနာမည်က မလေးအာပါ ဈေးတန်းကွက်သစ်ရပ်ကွက်မှာ နေပါတယ်။ အခုကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေချိန်ကာလမှာ အိမ်မှာနေပြီး အာခါချည်ထည်ကို လက်မှုအနုပညာနဲ့ တစ်ပိုင်တစ်နိုင် ထိုးပါတယ်၊ ဒီလိုထိုးတဲ့အခါမှာ ကျွန်မတို့ တိုင်းရင်းသား ရိုးရာအသုံးအဆောင်တွေဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီးဝတ် အဝတ်အထည်၊ လွယ်အိတ်၊ ခြုံပဝါတွေပေါ်မှ လက်မှုအနုပညာနဲ့ ထိုးတာဖြစ်ပါတယ်၊ ဈေးနှုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး ချည်အကျဲအစိပ်ပေါ် မူတည်ပြီး လေးသောင်း၊ ငါးသောင်းယူပါတယ် ချည်ကျဲရင် မြန်မြန်ပြီးသလို ချည်စိပ်ရင်အချိန်ကြာတဲ့အတွက် ဈေးနှုန်းကကွာတာဖြစ်ပါတယ်၊ အမျိုးသမီးဝတ် ဝမ်းဆက်ဆိုရင်တော့ ခြောက်သောင်းလောက် ယူပါတယ်၊ ဇွဲရှိရှိနဲတော့ထိုးရပါတယ်”လို့ ပြောပါတယ်။
အဆိုပါ လက်မှုအနုပညာများဖြင့်ထိုးပြီး ရရှိလာသည့် အာခါချည်ထည် အဝတ်အထည်များကို အာခါတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များဖြစ်တဲ့ ဒန်းစီးပွဲတော်၊ နှစ်သစ်ကူးပွဲတော်၊ ကောက်သစ်စားပွဲတော် စသည့် ရိုးရာပွဲတော်များတွင် ဝတ်ဆင်ကြလေ့ရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)