ချင်းရွှေဟော် ၂၀ ဩဂုတ် 

 

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  နမ့်တိန်ချောင်းရေသည် ဩဂုတ် ၁၇ ရက်မှ စတင်၍ တဖြည်းဖြည်းမြင့်တက်လာပြီး  ဩဂုတ် ၁၉ ရက်တွင် ချင်းရွှေဟော်မြို့ အနိမ့်ပိုင်းရပ်ကွက်အတွင်း ချောင်းရေဝင်ရောက်လာမှုကြောင့် စိုက်ပျိုးရေးဝန်ထမ်းအိမ်ရာမှ အိမ်ထောင်စု (၂)စု၊ သစ်တောရုံးဝန်ထမ်းအိမ်ရာမှ အိမ်ထောင်စု(၁)စု၊ ရပ်ကွက်(၃)ရှိ အိမ်ထောင်စု(၈)စု စုစုပေါင်း အိမ်ထောင်စု (၁၁)စု၊ လူဦးရေ(၂၇)ဉီးကို  ရပ်ကွက်-၃ ရှိ စီတိုဂိုဒေါင်တွင် ယာယီနေရာချထားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား နှင့် ရေသန့်များ ထောက်ပံ့ ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် နှာခေါင်းစည်း(Masks)များ ဖြန့်ဝေပေးခြင်းများကို မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ နမ့်တိန်ချောင်းရေ မြင့်တက်လာမှုကြောင့် ချင်းရွှေဟော်မြို့ အနောက်ဖက် အနိမ့်ပိုင်းရှိ ပြည်သူ့ဆေးရုံဝင်း အတွင်း၌  ရေဝင်ရောက်မှု မဖြစ်ပေါ်စေရေးအတွက်လည်း  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဩဂုတ်  ၁၉  ရက်၊   ညနေ  ၅ နာရီက ဆောင်ရွက်ခဲ့ကြရာ ချင်းရွှေဟော်မြို့၊ အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် ဉီးဆောင်ပြီး နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များ ပူးပေါင်းပြီး ပြည်သူ့ဆေးရုံ၏ ရေဝင်ရောက်နိုင်သည့် အနောက်ဖက်ခြမ်းတွင် ရေကာတာအဖြစ် သဲအိတ် များဖြင့် ရေထိန်းနံရံများပြုလုပ်ခြင်း၊ အရေးပေါ်လှေများ ပြင်ဆင်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ နမ့်တိန်ချောင်းရေသည် ၂၀၁၂ ခုနှစ်တွင် ရေကြီး/ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက် (၈)နှစ်အကြာ ယခုနှစ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး/ရေလျှံမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

ဇင်ဇင်(ပြန်/ဆက်)