စစ်တွေ ၂၀ ဩဂုတ်
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်းများကို စစ်တွေမြို့နယ် မြို့မဈေး အတွင်း ယနေ့ နံနက် ၇ နာရီက ဖြန့်ဝေပေးကြသည်။
ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုပြင်းထန်လာချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ဒုတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်သောကြောင့် အပြင်ထွက်လျှင် နှာခေါင်းစည်း လူတိုင်း၀တ်ဆင်ကြရန် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန နှိုးဆော်ထားမှုကြောင့် ယခုလို ဝေငှဖြန့်ဖြူးပေးရခြင်းဖြစ်ကြောင်း စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ပြောသည်။
အဆိုပါ ဖြန့်ဝေမှုတွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေး၀န်ကြီး ဦး၀င်းမြင့်၊ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့၀င်များ၊မြို့မဈေးကော်မတီ၀င်များက နှာခေါင်းစည် ၃၀၀၀ ကို ဈေး၀ယ် ဈေးသည်များအားအခမဲ့ဖြန့်ဝေပေးသည်။
ထို့ပြင် စစ်တွေမြို့ပေါ်ရှိ လူအသွားအလာများသည့် နာရီစင်ဝိုင်း၊ မီးစက်ကြီးဝိုင်း၊ ကားဂိတ်နှင့် ကျေးတောလမ်းခွဆုံနေရာများတွင်လည်း နှာခေါင်းစည်း ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရသည်။
၀င်းမင်းစိုး(ပြန်/ဆက် )